ရှေ့သို့
Image

အဲဗာတန်လူငယ်ကြယ်ပွင့် အန်တိုနီဂေါ်ဒွန်ကို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့တဲ့ ချဲလ်ဆီး

11:58 AM, 15 August

ချဲလ်ဆီးအသင်းဟာ အဲဗာတန်လူငယ်ကြယ်ပွင့် အန်တိုနီဂေါ်ဒွန်ကို ပေါင်သန်း ၄၀ ခန့်နဲ့ စတင်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ရီဆီဂျိမ်းစ်နဲ့အပြိုင် ယှဉ်ကစားနိုင်မယ့် ညာတောင်ပံကစားသမား တစ်ဦးကိုရှာဖွေနေတာဖြစ်ပြီး ဂေါ်ဒွန်ကို ထိပ်တန်းပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ၂၁ နှစ်အရွယ် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ကနဦးအနေနဲ့ ပေါင်သန်း ၄၀ သာ ပေးဖို့ဆန္ဒရှိပေမယ့် အဲဗာတန်ကတော့ ဂေါ်ဒွန်ရဲ့တန်ဖိုးဟာ အနည်းဆုံး ပေါင်သန်း ၅၀ ရှိတယ်လို့ ယုံကြည်နေပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့လည်း ပြင်ဆင်လျက်ရှိပါတယ်။

ဂေါ်ဒွန်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ဖို့က ပြဿနာမရှိဘူးလို့ ချဲလ်ဆီးအသင်းက ယုံကြည်ထားပါတယ်။ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့ရဲ့ ၂-၂ ပွဲစဉ်အပြီးမှာတော့ သုံးသပ်သူ ဂျေမီကာရေဂါက အဲဗာတန်အနေနဲ့ အသင်းရဲ့ အတောက်ပဆုံး ကြယ်ပွင့်ကစားသမား တစ်ယောက်ကို ပေါင်သန်း ၄၀ လောက်နဲ့ လက်လွှတ်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ကာရေဂါက “ဒါက လူငယ်ကစားသမားတစ်ယောက်အတွက်တော့ တော်တော်များတဲ့ ပမာဏပဲ။ ဒါပေမယ့် အဲဗာတန်က လက်ခံမှာမဟုတ်ပါဘူး။ အခုသူတို့အသင်းက တော်တော်လေး ခက်ခဲနေတဲ့ အခြေအနေဖြစ်နေတာ၊ တိုက်စစ်ကစားသမားတွေလည်း အရမ်းနည်းနေတယ်။ သူ(ဂေါ်ဒွန်)က အသင်းရဲ့ မျှော်လင့်ချက်လိုဖြစ်နေတယ်။ ပရိသတ်တွေကလည်း အဲဗာတန်က မိုက်ရူးရဲလိမ့်မယ်လို့ ထင်မှမဟုတ်ပါဘူး။ ပြီးတော့ ရာသီအစ နှစ်ပွဲဆက်တိုက်ရှုံးထားတယ်၊ ဒီရာသီက သေချာပေါက် ခက်ခဲမယ်ဆိုတာကိုလည်း သူတို့သိပြီးသားပါ။ တိုက်စစ်ကစားသမားတွေ ထပ်ဝယ်ဖို့တောင် လိုနေတာ အသင်းမှာရှိပြီးသားလည်းဖြစ်၊ အဓိကကစားသမားလည်းဖြစ်တဲ့ ဂေါ်ဒွန်ကို ဘယ်နည်းနဲ့မှ ရောင်းထုတ်မှာ မဟုတ်ပါဘူး။ ဂေါ်ဒွန်ကလည်း လီဗာပူးသားစစ်စစ်တစ်ယောက်ဆိုတော့ ဒီအသင်းမှာပဲ အဆုံးထိကစားဖို့များပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးလိုအပ်ချက်လည်း ရှိနေတာဆိုတော့ ပေါင်သန်း ၄၀ ထက် ပိုများတဲ့ ပမာဏမျိုးသာ ကမ်းလှမ်းလာရင်တော့ အဲဗာတန်က စဉ်းစားကောင်း စဉ်းစားနိုင်တယ်”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #အပြောင်းအရွှေ့ #ဂေါ်ဒွန်