ရှေ့သို့
Image

ယူနိုက်တက်နဲ့ချဲလ်ဆီးပစ်မှတ် ဂျူရာနိုဗစ်က ဆဲလ်တစ်အတွက်ပဲ အာရုံစိုက်ထားကြောင်း နည်းပြဖွင့်ဟ

6:05 PM, 13 August

ဆဲလ်တစ်အသင်းရဲ့ နည်းပြအန်ဂျီပိုစတီကိုဂ်လူက ညာနောက်ခံလူ ဂျိုဆစ်ဂျူရာနိုဗစ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကစားသမားကတော့ ဆဲလ်တစ်အတွက်သာ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ ခရိုအေရှားလက်ရွေးစင်ကို အလေးအနက် ချိတ်ဆက်နေကြတာဖြစ်ပါတယ်။ ဂျူရာနိုဗစ်ဟာ ဆဲလ်တစ်ကို ပြီးခဲ့တဲ့နှစ်ကမှ လီဂီယာဝါဆောအသင်းကနေ ပေါင် ၂.၅ သန်း ဝန်းကျင်လောက်လေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အခုဆိုရင် နည်းပြတူချယ်နဲ့ နည်းပြတန်ဟတ်တို့ရဲ့ အသင်းတွေက ၂၆ နှစ်သားကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် စကော့တလန် ထိပ်သီးအသင်းအနေနဲ့ အမြတ်များများ ရဖို့ရှိနေပါတယ်။ ဆဲလ်တစ်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမား တစ်ယောက်လည်းဖြစ်တဲ့ ဂျူရာနိုဗစ်ဟာ စာချုပ်သက်တမ်းကလည်း ၄ နှစ်ကျန်သေးတာကြောင့် နည်းပြ ပိုစတီကိုဂ်လူက ကစားသမားရဲ့ စိတ်အခြေအနေနဲ့ ပက်သက်လို့ စိုးရိမ်မှာမဟုတ်ပဲ ကီလ်မာနော့နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားကြောင်း ပြောခဲ့ပါတယ်။ 

ဆဲလ်တစ်နည်းပြက “ ဒါက (အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှု) သူကစားတာ အရမ်းကောင်းတယ်ဆိုတဲ့ သဘောပဲပေါ့။ ဒီအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ရင် ဘာဖြစ်မလဲဆိုတာကိုလည်း ပြပြီးသားဖြစ်တယ်။ ဒီနေရာက ကစားသမားတိုင်းအတွက် အရမ်းကောင်းတဲ့ နေရာတစ်ခုပါ၊ ဂျိုဆစ်ဆိုရင် တစ်နှစ်တည်းနဲ့ အရမ်းကောင်းခဲ့တယ်၊ ပိုပြီးကောင်းအောင်လည်း သူကစားချင်သေးတယ်။ ရာသီကြိုမှာလည်း ခြေစွမ်းပြတယ်၊ အလုပ်လည်း ကြိုးစားတယ်။

ကမ္ဘာ့ဖလားလည်း ကစားဖို့ရှိသေးတော့ သူအတွက် အရမ်းကောင်းတဲ့ နှစ်တစ်နှစ်ပဲ။ ကလပ်မှာရော၊ နိုင်ငံအသင်းမှာပါ သူ့ရဲ့ခြေစွမ်းတွေကို အများကြီးတွေ့ရပါလိမ့်မယ်။ သူ့အလုပ်က အကောင်းဆုံးလုပ်ပြဖို့၊ ကျွန်တော့်အလုပ်က သူ့ကိုအကောင်းဆုံးဖြစ်လာအောင် တွန်းအားပေးဖို့ပါပဲ။ ခုပြောနေတာတွေ(အပြောင်းအရွှေ့ သတင်းတွေ)က ကျွန်တော့်အပေါ် သက်ရောက်မှုမရှိပါဘူး။ ဒါပေမယ့် ကစားသမားပေါ်တော့ အနည်းနဲ့အများ သက်ရောက်မှုရှိတော့ သူ့ကိုပဲမေးကြည့်ကြပါ။

ကစားသမားတွေရဲ့ ကစားပုံ၊ လေ့ကျင့်ပုံနဲ့ စိတ်ဓာတ်ကို ကျွန်တော်လေ့လာရတယ်၊ လက်ရှိအသင်းမှာ စိတ်အပြောင်းအလဲဖြစ်တဲ့ ကစားသမားတစ်ယောက်မှ မရှိဘူး။ ဒီစကားမျိုး ကျွန်တော်ပြောနေကျမဟုတ်ဘူး။ သူတို့က ကျွန်တော့်ကစားသမားတွေဖြစ်လို့ ဒီအသင်းကိုလည်း ကိုယ်စားပြုသူတွေပဲ။ ဂျိုဆစ်နဲ့ ကျန်တဲ့ကစားသမားတိုင်း ထရိန်နင်မှာရော ပွဲတွေမှာပါ အရမ်းကြိုးစားနေကြတယ်။ ကျွန်တော့်အလုပ်က သူတို့ကို ဆက်ပြီးတွန်းအားပေးဖို့ပါ ” ဆိုပြီးပြောသွားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဂျူရာနိုဗစ်