ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မတိုင်မီ နောက်ထပ်ဒဏ်ရာပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူး

2:38 PM, 13 August

လီဗာပူးဗဟိုနောက်ခံလူမာတစ်က လာမည့်တနင်္လာနေ့ညပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်ကို ဒဏ်ရာပြဿနာကြောင့် လွဲချော်သွားဖွယ် ရှိနေပါတယ်။

The Telegraph သတင်းဌာနရဲ့အဆိုအရ ကင်မရွန်းသားနောက်ခံလူဟာ အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာကြောင့် အန်ဖီးလ်ကွင်းမှာကစားရမယ့် ပဲလေ့စ်နဲ့ပွဲစဉ်ကို လွဲချော်နိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မာတစ်နဲ့ကိုနာတေးတို့က ဒီပွဲစဉ်မှာ ကွင်းဘေးမှာပဲရှိနေဖို့များပြီး လီဗာပူးစီနီယာအသင်းအတွက် ကြံ့ခိုင်မှုပြည့်၀နေတဲ့ ဗဟိုခံစစ်မှူးစာရင်းမှာ ဗန်ဒိုက်၊ ဂိုးမက်ဇ်နဲ့  နက်ဖိးလစ်တို့ပဲ ကျန်ရှိပါတော့တယ်။

လူငယ်နောက်ခံလူဗန်ဒန်ဘာ့ဂ်ျကတော့ အခုနွေရာသီမှာ အန်ဖီးလ်ကလပ်ကနေ အငှားနဲ့ထွက်ခွာဖို့ရှိနေပေမယ့် လီဗာပူးနောက်ခံလူမာတစ်ရဲ့ ဒဏ်ရာပြဿနာကြောင့် အသင်းက သူ့ကို ဆက်ထိန်းသွားမယ့် အလားအလာတွေ ရှိလာပြန်ပါတယ်။ ပြီးခဲ့တဲ့ရာသီမတိုင်ခင်တုန်းက မာတစ်မှာ ရှည်လျားတဲ့ဒဏ်ရာပြဿနာသမိုင်းကြောင်း ရှိခဲ့ဖူးပါတယ်။

လီဗာပူးတို့အတွက် ဖလားလေးလုံးအိပ်မက်ကို မက်ခွင့်ရခဲ့တဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ မာတစ်က အသင်းမှာ ပုံမှန်ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် ၃၁ ပွဲ ပါဝင်ကစားကာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မာတစ်ရဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီပုံစံကောင်းတွေကြောင့် ၂၀၂၂  ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကလည်း သူရဲ့ခြေစွမ်းအပေါ် အလေးအနက်ချီးကျူးခဲ့ပါတယ်။

"မာတစ်က အသင်းမှာ အရမ်းအရမ်းကို ထင်ရှားတဲ့ ကစားသမားတစ်ဦးပါ။ သူက ခေါင်းကြီးပိုင်းသတင်းတွေထဲမှာ ပါဝင်လေ့မရှိပါဘူး။ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ကျွန်တော်က ကစားသမားတွေအတွက် တစ်ဦးချင်းဆုတံဆိပ်တွေပေးခွင့်မရှိပေမယ့် ဒီလိုချီးမြှင့်တာက နည်းနည်းတော့ အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒီလိုတစ်ဦးချင်းဆုတံဆိပ်တွေအတွက် တစ်စုံတစ်ယောက်က တစ်ကြိမ်လောက်တော့ အနိုင်ရသင့်တယ်လို့ တွေးလာမိမယ်ဆိုရင် ဒါက မာတစ်ပဲဖြစ်ရမှာပါ။ ဒါက အရမ်းမိုက်ပါတယ်"လို့  ကလော့ပ်က ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့် တိုက်စစ်ကစားပုံကောင်းမွန်ခဲ့တဲ့ ပဲလေ့စ်နဲ့ ရင်ဆိုင်ရမယ့် လီဗာပူးအတွက် အသက်-၃၁ နှစ်အရွယ်ဗဟိုနောက်ခံလူကို ဆုံးရှုံးရတာ ကြီးမားတဲ့ထိခိုက်မှုတစ်ခု ဖြစ်လာစေမှာပါ။ မာတစ်အနေနဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဘယ်လောက်ကြာကြာအနားယူရမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ယာဂန်ကလော့ပ်ကတော့ မာတစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အသင်းနဲ့ပြန်ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ #လီဗာပူး #ခရစ္စတယ်ပဲလေ့စ် #နီမန်ဂျာ မာတစ်