ရှေ့သို့
Image

ဆာဆာကာလာဇစ်ကို ယူနိုက်တက် မပြောင်းဖို့သတိပေးခဲ့တဲ့ ယာယီနည်းပြဟောင်း ရန်နစ်

3:31 PM, 12 August

မန်ချက်စတာယူနိုက်တက်က ဒီနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ စတုဂတ်တိုက်စစ်မှူး ဆာဆာကာလာဇစ်ကို ယူနိုက်တက်ယာယီနည်းပြဟောင်း ရာ့ဖ်ရန်နစ်က ယူနိုက်တက်ကိုမပြောင်းရွှေ့ဖို့ သတိပေးသွားခဲ့ပါတယ်။

၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ တိုက်စစ်မှူးလိုအပ်နေတဲ့ ယူနိုက်တက်က ချိတ်ဆက်နေတဲ့ ကစားသမားများစွာထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘရိုက်တန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို false nine နေရာမှာ ကစားစေခဲ့ပြီး ဒုတိယပိုင်းကျမှသာ အသင်းကနေထွက်ခွာဖို့ ကြိုးစားနေတဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကို လူစားဝင်ကစားစေခဲ့ပါတယ်။

ကာလာဇစ်ဟာ ဘွန်ဒက်လီဂါကလပ်ကို ၂၀၁၉ မှာရောက်ရှိခဲ့ပြီးနောက် ၅၈ ပွဲကစား ၂၄ ဂိုးသွင်းယူကာ အသင်းကြီးတွေရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ ဒဏ်ရာပြဿနာတွေကြောင့် သြစတြီးယားသားရဲ့ သွင်းဂိုးအရေအတွက်က ၅ ဂိုးသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရန်နစ်ကတော့ ယူနိုက်တက်ရဲ့ ကျရှုံးမှုတွေနဲ့ ကစားသမားတွေကို လူသိရှင်ကြားထုတ် ဝေဖန်မှုတွေမှာ မတွန့်ဆုတ်တဲ့အသင်းအဖြစ် ထုတ်ပြောသွားခဲ့ပြီး ကာလာဇစ်အနေနဲ့ ဂျာမနီမှာပဲ ဆက်နေသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

ရန်နစ်က “ဆာဆာအနေနဲ့ ဒီရာသီ ဒဏ်ရာကင်းစင်နေဖို့လိုပါတယ်။ ဖြစ်နိုင်သမျှ အကောင်းဆုံးလေ့ကျင့်ပြီး အကောင်းဆုံး ခြေစွမ်းနဲ့ ကစားဖို့ိုပါတယ်။ ဒီရာသီစတုဂတ်မှာသာ ဆက်ကစားရင် ခြေစွမ်းတိုးတက်မှုအပေါ် ထိခိုက်မှုရှိမှာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ရန်နစ်ဟာ ဇွန်လကမှ သြစတြီးယားလက်ရွေးစင်အသင်းကို စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ၆၄ နှစ်အရွယ် ဂျာမန်သားကြီးဟာ လက်ရှိယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့အတူ ယူနိုက်တက်ရဲ့အကြံပေးအဖြစ် ဆက်နေဖို့ မူလကစီစဉ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ နည်းပြရာထူးကိုပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရန်နစ်ကိုယ်တိုင်လည်း ယူနိုက်တက်မှာ ရှိစဉ်တုန်းက အိုးလ်ထရက်ဖို့ဒ်ကလပ်ရဲ့ အကောင်းဆုံးအချိန်တွေကို ပြန်လည်ရောက်ရှိနိုင်ဖို့ဆိုရင် ကစားသမား ၁၀ ယောက်လောက် ခေါ်ယူပြီး အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ဖို့ လိုအပ်ကြောင်းထောက်ပြခဲ့ပါတယ်။ ဒီနွေရာသီမှာတော့ တန်ဟတ်နဲ့ ယူနိုက်တက်အတွက် စိတ်ပျက်စရာတွေချည့် ကြုံတွေ့နေရပြီး ကစားသမားသစ်ကလည်း တိုင်ရယ်မာလာစီယာ၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ အဲရစ်ဆင်တို့ ၃ ယောက်ကိုသာ ခေါ်ယူထားနိုင်ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #ကာလာဇစ် #ရန်နစ်