ရှေ့သို့
Image

မာတင်နယ်လီက အပြင်းအထန်လေ့ကျင့်တက်သူတစ်ဦးလို့ အာဆင်နယ်နည်းပြ အဖွဲ့ဝင်တစ်ဦးက ချီးကျူး

4:13 PM, 11 August

အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး မာတင်နယ်လီက နောက်တစ်နေ့မှာ ကမ္ဘာပျက်တော့မလို အသည်းအသန် လေ့ကျင့်ရေးပြုလုပ်တက်သူတစ်ဦးဖြစ်ပြီး သူ့ကို စိန်ပွင့်တစ်ပွင့်လို့ အာဆင်နယ်နည်းပြအဖွဲ့ဝင်တစ်ဦးက ချီးကျူးပြောဆိုခဲ့ပါတယ်။

ဘရာဇီးလ်လူမျိုးတိုက်စစ်မှူးက ဂန်းနားတို့ရဲ့ ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူပြီး ရာသီသစ်ကို ဖွင့်လှစ်ခဲ့ပါပြီ။ အာဆင်နယ်အတွင်း စည်းထဲကလူတွေကတော့ မာတင်နယ်လီရဲ့အနာဂတ်အပေါ် စိတ်လှုပ်ရှားမှုအပြည့် ရှိနေခဲ့ပြီး အသက်-၂၁ နှစ်အရွယ်ကစားသမားက ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။

Prime Video က တင်ဆက်တဲ့ Arsenal:All or Nothing ရုပ်သံဇာတ်လမ်းတွဲရဲ့ မြင်ကွင်းတစ်ခုမှာဆိုရင် အာဆင်နယ်နည်းပြအဖွဲ့ဝင် စတိဗ်ရောင်းက မာတင်နယ်လီရဲ့ အလားအလာအပေါ် ရွှန်းရွှန်းဝေအောင် ချီးကျူးပြောဆိုခဲ့ပါတယ်။

စတိဗ်ရောင်းက “မာတင်နယ်လီက တကယ်ကောင်းတဲ့ လူငယ်လေးတစ်ယောက်ပါ။ သူက နောက်တစ်နေ့မှာ ကမ္ဘာပျက်တော့မလို နေ့တိုင်းပြင်းပြင်းထန်ထန် လေ့ကျင့်ပါတယ်။ သူက တကယ့်ကို စိန်တစ်ပွင့်ပါပဲ”လို့ ဆိုပါတယ်။

အသက်-၅၁ နှစ်အရွယ် အားကစားဒါရိုက်တာ အီဒူးကလည်း “ ကျွန်တော် မာတင်နယ်လီကို ချစ်ခင်ပါတယ်။ သူ့မှာ အချိန်နည်းနည်းလေး လိုနေတာပါ။ ဒါပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။ မာတင်နယ်လီက ၂၀၁၉ ခုနှစ်မှာ ဘရာဇီးလ်ဒုတိယတန်းကလပ် အီတူယာနိုမှ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ သူက ဂန်းနားတို့အတွက် ၈၅ ပွဲကစား၊ ၁၉ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးထားပါတယ်။

အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀ ရရှိနေတဲ့ မာတင်နယ်လီက သူရဲ့ငယ်ဘဝအကြောင်းကို Prime Video က တင်ဆက်တဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ တစိတ်တပိုင်းပြောပြခဲ့ပါတယ်။

မာတင်နယ်လီက “ကျွန်တော့်ရဲ့မိဘတွေနဲ့အတူ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ကြီးပြင်းခဲ့ရပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်တို့မိသားစုမှာ ပိုက်ဆံမရှိပါဘူး။ မိဘတွေကတော့ ပိုက်ဆံတွေ အများကြီး မသုံးပစ်ဖို့ အမြဲတမ်းပြောပါတယ်။ ငွေကို ဂရုတစိုက်သုံးဖို့ အမြဲတမ်းပြောလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ပိုက်ဆံအကြောင်း အာရုံမထားပါဘူး။ ကျွန်တော်က ဘောလုံးပဲကစားချင်ခဲ့တာ၊ ပိုက်ဆံရလာရင်တော့ မိဘတွေကပဲ ထိန်းသိမ်းပေးထားပါတယ်။ ဘရာဇီးလ်မှာတုန်းက အင်္ဂလိပ်စာမသင်ယူခဲ့လို့  ကျွန်တော်တော်တော်လေး အခက်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်မိသားစုကတော့ ကျွန်တော့်အတွက် အရမ်းကို အရေးပါပါတယ်။ သူတို့က ကျွန်တော့်ကို အကြံကောင်းအချို့ ပေးခဲ့ပါတယ်။ မင်းက ထိပ်တန်းကစားသမားတစ်ဦးဖြစ်ချင်တယ်ဆိုပါစို့။ မင်းအနေနဲ့ ဒီနေ့မှာ အရာရာတိုင်းကို မကြိုးစားထားဘူးဆိုရင် မင်းတိုးတက်လာမှာမဟုတ်ဘူး။ မင်းအနေနဲ့ ၉၀ ရာခိုင်နှုန်းပဲ လေ့ကျင့်ထားတယ်ဆိုရင်လည်း မင်းအနေနဲ့ ထိပ်ဆုံးအထိရောက်မှာမဟုတ်ဘူး။ မင်းက ရာနှုန်းပြည့်လေကျင့်ထားမှသာ မင်းက နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်မှာပါ”လို့ ပြောပြခဲ့ပါတယ်။

မာတင်နယ်လီရဲ့ အာဆင်နယ်က လာမည့်စနေနေ့ညပိုင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် အမ်းမရိတ်စ်ကွင်းမှာ လက်စတာစီးတီးကို ဧည့်ခံကစားရဖို့ ရှိပါတယ်။

#အာဆင်နယ် #မာတင်နယ်တီ