ရှေ့သို့
Image

နူနက်ဇ်က တိုက်စစ်ပိုင်းအတွက် အံ့ဖွယ်ပေါင်းစပ်နိုင်မှုစွမ်းရည်တစ်ခု ပေးစွမ်းတယ်လို့ ဂျိမ်းစ်မီလ်နာ ဆို

1:47 PM, 11 August

ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို အသင်းထံ ခေါ်ယူနိုင်ခဲ့ခြင်းက လက်ရှိရာသီ လီဗာပူးအသင်းတိုက်စစ်ပိုင်းမှာ အံ့ဖွယ်ပေါင်းစပ်နိုင်မှုစွမ်းရည်တစ်ခုကို ပိုင်ဆိုင်စေခဲ့တယ်လို့ အန်ဖီးလ်ကလပ်ဒုတိယအသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာက ယုံကြည်နေပါတယ်။

လက်ငင်းငွေသား ပေါင်၆၄သန်း(ယူရို၇၅သန်း)+ အပိုထပ်ဆောင်းဆုကြေး ပေါင်၂၁.၄သန်း(ယူရို ၂၅ သန်း) ဝန်းကျင်နဲ့ ဘင်ဖီကာမှ ခေါ်ယူခဲ့တဲ့ နူနက်ဇ်က ပြီးခဲ့တဲ့သီတင်းပတ်၊ ဖူလ်ဟမ်နဲ့နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် ပွဲဦးထွက်ကို လူစားဝင်ကစားခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ် ပွဲဦးထွက် သွင်းဂိုးကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အခုရာသီ ပရီမီးယားလိဂ် ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကို တိုက်ပွဲဝင်သွားဖို့ရှိနေတဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ နူနက်ဇ်က မိုဆာလက်၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဖာမီနို၊ ကစားသမားသစ် ကာဗယ်လ်ဟိုတို့နဲ့ ပူးပေါင်းသွားရမှာပါ။

လီဗာပူးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဂျိမ်းစ်မီလ်နာက “အရိုးသားဆုံးပြောရရင် သူ ဒီမှာရှိနေတဲ့အချိန်တိုင်း သက်ရောက်မှုတစ်ခုရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ နူနက်ဇ်က အသင်းကို ရောက်လာချိန်ကတည်းက ကွင်းထဲမှာ အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်ပြခဲ့သလို အလုပ်ကြိုးစားမှုတွေ၊ ကောင်းမွန်တဲ့ ပြေးလွှားမှုတွေနဲ့ ဂိုးဧရိယာထဲမှာ သူက ခေါင်းတိုက်ဂိုးသွင်းဖို့ အမြဲတမ်းကြိုးစားနေလေ့ရှိတဲ့သူပါ။ မင်းသာ သူ့ဆီကို ဘောလုံးပေးလိုက်၊ သူက အဆုံးထိရောက်အောင် အရာရာတိုင်းကို တက်နိုင်သလောက် လုပ်သွားပါလိမ့်မယ်။ ခြေနှစ်ဖက်လုံးသန်တဲ့ တကယ့်ကိုကောင်းမွန်တဲ့ အဆုံးသတ်ကစားသမားပါ။ သူက ဒီမှာရှိတဲ့ အခြားကောင်လေးတွေနဲ့ မတူကွဲပြားပါတယ်။ ကျွန်တော်တို့မှာ ပြိုင်ဘက်တွေကို ပြဿနာတွေပေးစွမ်းနိုင်တဲ့ စိတ်လှုပ်ရှားစရာ ကစားသမားအချို့ အရင်ကတည်းက ရှိထားပြီးဖြစ်လို့ သူ့ကို ခေါ်ယူနိုင်တာက တကယ့်ကိုကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုတစ်ခုပါ။ နူနက်ဇ်က ကျွန်တော်တို့အတွက် အံ့မခန်းကစားသမားဖြစ်လာပါလိမ့်မယ်။ ဒီနေရာမှာ အသင်းက ရွေးချယ်စရာကစာသမားတွေ ရှိရပါမယ်။ အဲ့ဒီရွေးချယ်စရာကစားသမားတွေနဲ့အတူပဲ ပြိုင်ဘက်တွေကို ပြဿနာတွေပေးရမှာဖြစ်သလို မတူညီတဲ့ကစားဟန်နဲ့ ကစားရဖို့လည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းတိုင်းက ကျွန်တော်တို့ကို စောင့်ကြည့်နေကြသလို ကျွန်တော်တို့ကို ရပ်တန့်ဖို့ ကြိုးစားနေကြလို့ ကျွန်တော်တို့က လုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အတွက် ရှိထားတဲ့ ရွေးချယ်စရာလူစာရင်းနဲ့အတူ အသင်းမှာ အံ့ဖွယ်ပေါင်းစပ်နိုင်မှုစွမ်းရည်တစ်ခု ရှိထားပြီလို့ ကျွန်တော်ယူဆမိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးက လာမည့်တနင်္လာနေ့ညပိုင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် အန်ဖီးလ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ဧည့်ခံကစားရဖို့ ရှိပါတယ်။

#လီဗာပူး #ဒါဝင်နူနက်ဇ် #မီလ်နာ