ရှေ့သို့
Image

အသင်းဟောင်းချဲလ်ဆီး အသိုင်းအဝိုင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူးသစ် ဝါနာ

2:24 PM, 10 August

လိုက်ပ်ဇစ်တိုက်စစ်မှူးသစ် တီမိုဝါနာက အသင်းဟောင်းချဲလ်ဆီး ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေအပေါ် ကျေးဇူးတင်စကားပြောကြားရင်း နှုတ်ဆက်စကားကို ပေးပို့လာခဲ့ပါတယ်။

အသက်-၂၆ နှစ်အရွယ် တိုက်စစ်မှူးဟောင်းကို လိုက်ပ်ဇစ်က ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းဝန်းကျင်နဲ့ အခုနွေရာသီအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူခဲ့တာပါ။ ဒီအခြေအနေကတော့ ၂၀၂၀ ခုနှစ်မှာ လိုက်ပ်ဇစ်ကနေ စတမ်းဖို့ဘရစ်ချ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၄၇.၅ သန်းနဲ့ရောက်ရှိလာတဲ့ တီမိုဝါနာအတွက် အနောက်လန်ဒန်ကလပ်မှာ စိတ်ပျက်ဖွယ်ရာ နှစ်နှစ်တာကာလကို အဆုံးသတ်ဖို့ ဖြစ်လာစေခဲ့ပါတယ်။

ဂျာမန်သားတိုက်စစ်မှူးရဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့်ရေးသားထားတဲ့ နှုတ်ဆက်စာထဲမှာတော့ “ချစ်ခင်ရတဲ့ ချဲလ်ဆီးပရိသတ်ကြီးရေ၊ ဒီနေ့မှာတော့ ချဲလ်ဆီးနဲ့အတူ ကျွန်တော့်ရဲ့ခရီးလမ်းကို အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါပြီ။ ဒီကလပ်အသင်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေအတွက် ကျွန်တော် အထူးပဲကျေးဇူူးတင်မိပါတယ်။ အခုလိုအခိုက်အတန့်မှာ ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ အသင်းဝန်ထမ်းတွေအကုန်လုံးကို ကျေးဇူူးတင်ရှိပါကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။ အထူးသဖြင့် ချဲလ်ဆီးဘောလုံးအသင်းရဲ့ အမာခံ ပရိသတ်ကြီးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်တာ ကာလအတွင်း ပရိသတ်ကြီးကပေးတဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်တော် ခံစားခဲ့ရပါတယ်။ စိန်ခေါ်မှုတွေရင်ဆိုင်လာရချိန်တိုင်းမှာ ကျွန်တော့်ရဲ့နောက်ကွယ်ကနေ ရပ်တည်ပေးခဲ့တဲ့ ပရိသတ်ကြီးကိုလည်း ဘယ်တော့မှ မေ့ဖျောက်ပစ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ချန်ပီယံလိဂ်လိုဆုဖလားကြီးတွေကို အတူတကွကိုင်မြှောက်ခဲ့ကြရသလို ကျွန်တော့်အတွက် ပရိသတ်ကြီးက ရေးစပ်သီဆိုပေးခဲ့တဲ့ သီချင်းကိုလည်း အမြဲတမ်းမှတ်မိနေတော့မှာပါ။ တစ်နေ့မှာ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်လာကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ မကြာခင်မှာ ပြန်ဆုံကြမယ်” လို့ ဖော်ပြထားပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အတွက် ၄၅ ပွဲကစား၊ ၃၄ ဂိုး သွင်းယူပေးခဲ့တဲ့ တီမိုဝါနာက ချဲလ်ဆီးဆီ မျှော်လင့်ချက်တွေ ကြီးကြီးမားမားနဲ့ ရောက်ရှိလာခဲ့သူပါ။ သူရဲ့စတမ်းဖို့ဘရစ်ချ်ကစားသမားဘ၀ ပထမဆုံး ရာသီမှာ ပုံမှန်ပွဲထွက်ပါဝင်ခွင့်ရရှိခဲ့ပေမယ့် ချဲလ်ဆီးနည်းပြအဖြစ် တူချယ်တာဝန်ယူခဲ့ချိန်မှာတော့ အသင်းမှာ သူရဲ့အခန်းကဏ္ဍကို သိသိသာသာလျှော့ချခံခဲ့ရပါတယ်။ တီမီုဝါနာက ချဲလ်ဆီးအတွက် ၈၉ ပွဲကစား၊ ၂၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။

#ချဲလ်ဆီး #လိုက်ပ်ဇစ် #ဝါနာ