ရှေ့သို့
Image

နည်းပြရဲ့ နည်းစနစ်တွေကိုလိုက်နာဖို့ ယူနိုက်တက်ကြယ်ပွင့်တွေကို တိုက်တွန်းခဲ့တဲ့ ဟာနန်ဒက်ဇ်

12:35 PM, 10 August

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဂျာဗီးယားဟာနန်ဒက်ဇ်က နည်းပြအဲရစ်တန်ဟတ်ရဲ့ နည်းစနစ်တွေကို လိုက်နာဖို့ လက်ရှိယူနိုက်တက် အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။ တန်ဟတ်ဟာ ယူနိုက်တက်ကို ဒီနွေရာသီမှာ စတင်တာဝန်ယူခဲ့ပေမယ့် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာတင် ဘရိုက်တန်ကို ၂-၁ နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အရေးနိမ့်သွားခဲ့ပါတယ်။

နယ်သာလန်သားကြီးအနေနဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၆ သာ ရရှိခဲ့တဲ့ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရယူဖို့နဲ့ ပရီးမီးယားလိဂ်ထိပ်ပိုင်း ပြန်ရောက်အောင် လုပ်ပေးဖို့ဆိုတာ အရမ်းခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ တန်ဟတ်ကို ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ကစားသမားဟောင်းတစ်ချို့ကလည်း ထောက်ခံခဲ့ကြပါတယ်။ ဒီထဲမှာ ချီချာရီတိုလို့ နာမည်ပြောင်ပေးထားတဲ့ မက္ကစီကိုလက်ရွေးစင် ယူနိုက်တက်ကြယ်ပွင့်ဟောင်း ဟာနန်ဒက်ဇ်လည်း ပါဝင်ခဲ့ပါတယ်။

ဟာနန်ဒက်ဇ်ဟာ ယူနိုက်တက်မှာ ၂၀၁၀ ကနေ ၂၀၁၅ ထိ ကစားခဲ့ပြီး ပွဲပေါင်း ၁၅၇ ပွဲမှာ သွင်းဂိုး ၅၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဟာနန်ဒက်ဇ်က ဆုဖလားတွေနဲ့ အသားကျခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ခေတ်ဟာ ယူနိုက်တက်မှာ ကုန်ဆုံးခဲ့ပြီဖြစ်လို့ လက်ရှိနည်းပြ တန်ဟတ်ရဲ့ နည်းစနစ်တွေကိုသာ အသားကျအောင် ကစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိ မေဂျာလိဂ်ကလပ် LA Galaxy မှာ ကစားနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ ဟာနန်ဒက်ဇ်က “ဆာအဲလက်စ်က အရမ်းကိုတော်ခဲ့တာပါ။ မှန်ကန်တဲ့ လူစားလဲလှယ်မှုတွေ လုပ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဒါပေမယ့် ဆာအဲလက်စ်ရဲ့ လူစားလဲလှယ်မှုတွေကတော့ ထီပေါက်သလိုပါပဲ။ ဖာဂူဆန်လုပ်ခဲ့တာတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပဲ လုပ်ခိုင်းရင်တောင် ဘယ်သူကလုပ်နိုင်မှာတဲ့လဲ။ အဲ့ဒီလိုနည်းပြကြီးဖြစ်တဲ့ ဖာဂူဆန်မရှိတော့တဲ့ အချိန်ဟာ တကယ့်ကိုဖိအားအများဆုံး အချိန်ပါပဲ။ အဲ့ဒါကြောင့်လည်း အခုယူနိုက်တက်က အလုပ်မဖြစ်တာပါ။ ယူနိုက်တက်က အခုချိန်မှာ ဆာအဲလက်စ်ဖာဂူဆန်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးမရှိတော့ဘူးလို့ မှတ်ယူဖို့လိုအပ်ပါတယ်။ သူနဲ့တူတဲ့သူမျိုး ထပ်ပေါ်လာဖို့ မျှော်လင့်လားဆိုရင်တော့ မျှော်လင့်တာပေါ့ဗျာ မျှော်လင့်မိတာပေါ့။ ဒါပေမယ့် ဆာအဲလက်စ်က အသင်းမှာ မရှိတော့ဘူးလေ အရင်အချိန်တွေ ပြန်မရနိုင်တော့ပါဘူး။ အဲ့ဒါကြောင့် ယူနိုက်တက်အနေနဲ့ နည်းပြ(တန်ဟတ်)ရဲ့ ကိုယ်ပိုင်နည်းစနစ်တွေကို မဖြစ်မနေ လိုက်နာဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်စနေနေ့ကျရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်အသင်းကို ဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဟာနန်ဒက်ဇ် #တန်ဟတ်