ရှေ့သို့
Image

အာနော်တိုဗစ် ယူနိုက်တက်ကို ပြောင်းသွားလဲ ပျော်ရွှင်မိမှာပါဆိုတဲ့ ဘိုလော့ဂ်နာ နည်းပြ

3:12 PM, 9 August

ဘိုလော့ဂ်နာ နည်းပြ ဆီနီဆာမီဟိုင်လိုဗစ်က သူ့ရဲ့ တိုက်စစ်မှူး မာကိုအာနော်တိုဗစ်သာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားလဲ ပျော်ရွှင်နေမှာပါလို့ ပြောခဲ့ပေမယ့် ကစားသမားနဲ့ ဆွေးနွေးပြီးနောက်မှာ ဝါရင့်တိုက်စစ်မှူးက အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းပါ့မလား သံသယ ဖြစ်မိတယ်လို့ ပြောသွားခဲ့ပါတယ်။ 


တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် စတုတ်စီးတီးနဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်းကို ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်က အံ့အားသင့်ဖွယ် ခေါ်ယူချင်နေကြောင်း သတင်းတွေလည်း တက်လာခဲ့ပါတယ်။


ယူနိုက်တက်နည်းပြသစ်အတွက်တော့ ဒီနွေရာသီမှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပေမယ့် သူ့ရဲ့ အေဂျက်စ် တပည့်ဟောင်း တွေလည်း ဖြစ်သလို အဓိက ပစ်မှတ်တွေလည်း ဖြစ်တဲ့ ဂျူရီယန်တင်ဘာနဲ့ အန်တိုနီတို့ အပါဝင် ထိပ်တန်း ပစ်မှတ်တွေကို မခေါ်ယူနိုင်ခဲ့ပါဘူး။ 


ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အနာဂတ်ကလည်း တန်ဟတ် အတွက် ပြဿနာကြီး တစ်ခု ဖြစ်လာခဲ့သလို ခြေစွမ်းပြနေတဲ့ အန်တိုနီ မာရှယ်ကလည်း ဒဏ်ရာရသွားတာကြောင့် ပိုပြီး ခေါင်းကိုက်ချင်စရာတွေ ဖြစ်လာခဲ့ပါတယ်။


ရော်နယ်ဒိုအသင်းမှာ ဆက်ရှိရှိမရှိရှိ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းဟာ လုံးဝကို အားနည်းနေပြီး ဘရိုက်တန်နဲ့ ပွဲမှာဆိုရင် နည်းပြ တန်ဟတ်က ကွင်းလယ် တိုက်စစ် ကစားသမား ခရစ္စတီယန် အဲရစ်ဆင်ကိုတောင် တိုက်စစ်မှူး အဖြစ် အသုံးပြုခဲ့ပါသေးတယ်။


ဂျေဒန်ဆန်ချိုနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ကလည်း ဘရိုက်တန်နဲ့ပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ လူငယ်ကြယ်ပွင့် အန်တိုနီအီလန်ဂါကတော့ အရန်ခံမှာသာ ထိုင်ခဲ့ရပြီး ပွဲချိန် ၈၉ မိနစ်ကျမှ လူစားဝင် ကစားခွင့် ရရှိခဲ့ပါတယ်။


တိုက်စစ်မှူး ရွေးချယ်စရာ နည်းပါးနေတဲ့ အချက်ကြောင့် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီ  ဘိုလော့ဂ်နာ အတွက် ၁၄ ဂိုးသွင်းထားသူ အသက် ၃၃ နှစ် အရွယ် တိုက်စစ် အာနော်တိုဗစ်ကို ပေါင် ၇ သန်းနဲ့ စတင်ကမ်းလှမ်းခဲ့ပါတယ်။


နည်းပြ မီဟိုင်လိုဗစ်ကလည်း ပရီးမီးယားလိဂ်ကို ပြန်ဖို့အစီအစဉ် ရှိမရှိကစားသမားနဲ့ ဆွေးနွေးခဲ့ပြီးနောက် သြစတြီးယားလက်ရွေးစင်ဟာ အသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့တာကြောင့် တန်ဟတ်အတွက်တော့ နောက်ထပ်စိတ်ပျက်စရာ အခြေအနေတိုးလာပြန်ပါတယ်။


မီဟိုင်လိုဗစ်က “ မာကို ယူနိုက်တက်ကိုပြောင်းသွားလဲ ပျော်ရွှင်မိမှာပါ ဒါပေမယ့် သူထွက်သွားမယ်လို့ မထင်မိပါဘူး။ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုနဲ့ ပက်သက်လို့ သူနဲ့စကားပြောခဲ့ပါတယ်။ သူထွက်နိုင်တဲ့ အခြေအနေမျိုးလည်း ရှိပေမယ့် ကျွန်တော်ကတော့ သူအသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ထင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။


နည်းပြချုပ် တန်ဟတ်ရော၊ လက်ထောက် နည်းပြ မက္ကလာရင်ပါ အာနော်တိုဗစ် အကြောင်းကို တွမ်တီး အသင်းကို ကိုင်တွယ်စဉ်ကတည်းက သိထားပြီးဖြစ်ပါတယ်။ သြစတြီးယား တိုက်စစ်မှူးဟာ နယ်သာလန်လိဂ်မှာ ၂၀၀၆ ကနေ ၂၀၁၀ ထိ ကစားခဲ့ဖူးပြီး ဆရာဟောင်း နှစ်ယောက်စလုံးနဲ့လည်း ဆက်ဆံရေး ကောင်းမွန်နေသူ ဖြစ်လို့ အသင်းမှာ အားကိုးရတဲ့ ကစားသမား ဖြစ်လာဖွယ် ရှိပါတယ်။


ယူနိုက်တက်ဟာ စကော့မက်တွန်မီနေးနဲ့ ဖရက်ဒ်တို့ရဲ့ ဘရိုက်တန်နဲ့ ပွဲက ခြေစွမ်းကို မြင်တွေ့ပြီးနောက် ကွင်းလယ်ပိုင်းကိုလည်း အင်အားဖြည့်ဖို့ကြိုးစားလျက်ရှိပြီး  အက်ဒရီယန်ရာဘီယော့ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဘိုလော့ဂ်နာ #အပြောင်းအရွှေ့ #အာနော်တိုဗစ်