ရှေ့သို့
Image

ယူနိုက်တက် ပစ်မှတ် အာနော်တိုဗစ်ကို ရောင်းချဖို့ ငြင်းပယ်လိုက်တဲ့ ဘိုလော့ဂ်နာ

10:49 AM, 9 August

ဘိုလော့ဂ်နာအသင်းရဲ့ အားကစား ဒါရိုက်တာ မာကို ဒီ ဗိုင်ယိုက မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ သတင်းကြီးနေတဲ့ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား အာနော်တိုဗစ်ကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ စတုတ်စီးတီး အသင်း တို့မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား အာနော်တိုဗစ်ကို ပရီးမီးယားလိဂ်ဆီ ပြန်ခေါ်ယူဖို့ ယူနိုက်တက်အသင်းက ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေဆက်တိုက် ထွက်ပေါ်နေတာကြောင့် အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ်တန်ဟတ်က ဝါရင့်တိုက်စစ်ကစားသမား ရော်နယ်ဒိုရဲ့ အနာဂတ် မရေရာမှုနဲ့အတူ အန်တိုနီမာရှယ် ကပါ ဒဏ်ရာ ရရှိနေတာကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်စစ်ပြဿနာကို ရေတိုဖြေရှင်းချင်တာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ အာနော်တိုဗစ်ကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေတာဖြစ်ပေမဲ့ အခက်အခဲအချို့ကို ရင်ဆိုင်နေရတာပါ။

ဘိုလော့ဂ်နာအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်တဲ့ ဒီဗိုင်ယို က ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ပက်သက်လို့ “ကျွန်တော်တို့ ဈေးကွက်အတွင်းမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြတယ်ဆိုပေမဲ့ အာနော်တိုဗစ်ကို ရောင်းချသွားမှာ မဟုတ်ပါဘူး။ သူက အသင်းရဲ့ အစီအစဉ်တွေမှာ အရေးပါတဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်နေလို့ပါ”

“အာနော်တိုဗစ်ကို တရုတ်ကလပ်ကနေ ၃နှစ်စာချူပ်နဲ့ ခေါ်ဆိုထားခဲ့ရတာပါ။ သူ့အပေါ် အခုလို စိတ်ဝင်စားမှု ရှိလာကြတယ်ဆိုတော့ ဂုဏ်ယူစရာတော့ ဖြစ်တာပေါ့ဗျာ” “သူက တိုက်စစ်ပိုင်းကို ထက်မြတ်လာအောင် ကူညီပေးနိုင်သလို ရာသီသစ်ကို ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းနိုင်ဖို့ လူအင်အားတောင့်တင်းနေဖို့ လိုတာကြောင့် ရောင်းချ သွားဖို့ မရှိပါဘူး” “အာနော်တိုဗစ်ပါတဲ့ တိုက်စစ်နဲ့ ထိရောက်တဲ့ ကစားကွက်ကို ပုံဖော်သွားမှာ ဖြစ်လို့ သူ့အတွက် ဈေးသတ်မှတ်သွားမှာလည်း မဟုတ်ပါဘူး” လို့ရှင်းလင်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘိုလော့ဂ်နာ #အာနော်တိုဗစ်