ရှေ့သို့
Image

ဆေးစစ်ဖို့အတွက် လိုက်ပ်ဇစ်မြို့ကို ပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့ တီမိုဝါနာ

10:48 AM, 9 August

ချဲလ်ဆီး တိုက်စစ်မှူး တီမိုဝါနာကတော့ လိုက်ပ်ဇစ်ကနေ ထွက်ခွာခဲ့ပြီး ၂ နှစ်အကြာမှာတင် လိုက်ပ်ဇစ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ချဲလ်ဆီးနဲ့ လိုက်ပ်ဇစ်တို့ဟာ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း+အပိုဆုကြေးတွေနဲ့ ဂျာမန်တိုက်စစ်မှူးအတွက် သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဒီနေ့(အင်္ဂါနေ့) မှာ ဆေးစစ်ပြီးတာနဲ့ တစ်ခါတည်း အတည်ပြုကြေညာဖွယ် ရှိပါတယ်။

အသက်၂၆ နှစ်အရွယ်ရှိ ဝါနာဟာ လိုက်ပ်ဇစ်မှာ ကစားခဲ့တဲ့ ၄ နှစ်အတွင်း ပွဲပေါင်း ၁၅၉ ပွဲကစားပြီး ၉၅ ဂိုးထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၂၀ တုန်းက ပေါင် ၄၇.၅ သန်းနဲ့ ချဲလ်ဆီးကို ရောက်ရှိခဲ့ပြီး ၈၉ ပွဲကစား ၂၃ ဂိုးသွင်းပြီး ၂၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းကိုရောက်တဲ့ ပထဆုံးတစ်နှစ်သာ ပုံမှန်နေရာရခဲ့ပြီး နည်းပြသောမတ်စ်တူချယ်ရဲ့ လက်အောက်မှာ တဖြည်းဖြည်းနဲ့ အရေးပါမှု လျော့ကျလာခဲ့ပါတယ်။

ဝါနာအနေနဲ့ လာမယ့်နိုဝင်ဘာလမှာ ကမ္ဘာ့ဖလား ကစားဖို့ရှိနေတာကြောင့် ချဲလ်ဆီးအသင်းရဲ့ အမေရိကရာသီကြို ခရီးစဉ်မှာကတည်းက အသင်းကနေရာရဖို့ မျှော်လင့်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ ဂျူဗင်တပ်စ်ကလည်း ဝါနာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အသင်းဟောင်းကိုပဲ ပြန်လည်ပြောင်းရွှေ့ဖို့ကို ကစားသမားကိုယ်တိုင်က စိတ်အားထက်သန်ခဲ့တာ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ ချဲလ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး အများအပြား သုံးစွဲထားပြီးဖြစ်တာကြောင့် ဝါနာကိုအပြီးမရောင်းပဲ အငှားသာချခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်က ဝါနာရဲ့ပြောင်းရွှေ့ကြေး တစ်စိတ်တစ်ပိုင်းကို ပြန်ရမှာမဟုတ်တော့ပါဘူး။

ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီမှာတင် ရာဟင်စတာလင်၊ ကာလီဒူကူလီဘာလေ၊ ဂါဘရီရယ်ဆလိုနီနာနဲ့ မာ့ခ်ကူကူရယ်လာတို့ အတွက် ပေါင် ၁၇၅ သန်းထိ သုံးစွဲထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လက်စတာက ဝက်စလေဖိုဖာနာ၊ ဘာစီလိုနာက ဖရန်ကီဒီဂျောင်နဲ့ တိုက်စစ်မှူးတစ်ဦးတို့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် ပစ်မှတ်သစ်တွေကိုသာ ထပ်ခေါ်နိုင်ခဲ့မယ်ဆိုရင် အသုံးစရိတ်က ပေါင်သန်း ၃၀၀ ကျော်သွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာကလည်း တိုက်စစ်မှူး အူဘာမီယန်းကို ချဲလ်ဆီးထံကမ်းလှမ်းထားပြီး ဆဲလ်ဘတ်လူငယ် ကြယ်ပွင့် ဘင်ဂျမင်ဆက်စ်ကိုကိုလည်း မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ချဲလ်ဆီးက စိတ်ဝင်စားလျက်ရှိပါတယ်။ မားကို့စ်အလွန်ဆိုက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အလွန်နီးစပ်နေပြီး ကယ်လန်ဟတ်ဆန်အိုဒွိုင်းက အပြောင်းအရွှေ့ မပိတ်မီ အငှားထွက်ဖို့ ရှိနေပါတယ်။ နောက်ထပ်ချဲလ်ဆီးကနေ ထွက်ခွာနိုင်တဲ့ ကစားသမားတွေအဖြစ်တော့ ဟာကင်ဇီယက်ချ်၊ ကီပါအရီဇာဘာလာဂါနဲ့ မာလန်ဆားတို့ ရှိနေပါသေးတယ်။

#ချဲလ်ဆီး #လိုက်ပ်ဇစ် #အပြောင်းအရွှေ့ #ဝါနာ