ရှေ့သို့
Image

ကူလီဘာလေကို ခက်ခဲစွာ ခေါ်ယူခဲ့ရကြောင်း ချဲလ်ဆီးနည်းပြ တူချယ် ထုတ်ဖော်ပြောကြား

11:23 AM, 6 August

သောမတ်စ်တူချယ်ကတော့ အသင်းထံကို ပြောင်းရွေ့ထားတဲ့ နောက်ခံ ကစားသမား ကာလီဒို ကူလီဘာလေကို နာပိုလီအသင်းထံမှ ခက်ခဲစွာ ခေါ်ယူခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကူလီဘာလေဟာ ပြီးခဲ့တဲ့လက နာပိုလီ အသင်းကနေ ပြောင်းရွေ့ကြေး ယူရို သန်း ၄၀ နဲ့ ပြောင်းရွေ့လာခဲ့တာပါ။

ကူလီဘာလီဟာ နာပိုလီအသင်းမှာကစားစဉ်မှာကထဲက  ကမ္ဘာ့အကောင်းဆုံး နောက်တန်း ကစားသမားတစ်ယောက်ဖြစ်တဲ့ အတွက် ပရီးမီးယားလိဂ် အသင်းထံ ပြောင်းရွေ့လာခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကို အားလုံးက အများကြီး မျှော်လင့်ထားကြပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ တူချယ်က အသင်းထံကို ကူလီဘာလေရောက်ရှိလာမှုနှင့် အသင်းထံ ကစားသမားဟာ ဘာတွေ ဆောင်ယူလာပေးတယ်ဆိုတာကို အခုလို ဆွေးနွေးသွားခဲ့ပါတယ်။

"ကျွန်တော်တို့ သူ့ကိုခေါ်ယူဖို့ လိုက်နေတာ နှစ်အတော်ကြာ ရှိနေပါပြီ။ ကျွန်တော်ရော ကျွန်တော့် အဖွဲ့သားတွေရော သူ့ကိုလိုက်နေတာ နှစ်အတော်ကြာနေပြီး အကြိမ်ပေါင်းများစွာ ကြိုးစား ခဲ့ပါတယ်။ ဘယ်တော့မှလည်း မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက နာပိုလီအသင်းမှာလည်း အောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကလည်း သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်လို့ပါ" "သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါာ ကျွန်တော်တို့ သူ့အကြောင်းကို မန်ဒီနဲ့ ဂျော်ဂျင်ဟိုဆီကနေ အများကြီး ကြားသိထားပါတယ်။ တူညီတဲ့ ကောင်းသတင်းတွေပဲ ပြန်ကြားရပါတယ်။ အံ့ဩဖို့ကောင်းတဲ့ ကစားသမားပါ။ အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ၊ တည်ငြိမ်သူတစ်ယောက်၊ စံထားရမယ့် ပုဂ္ဂိုလ်တစ်ယောက်ပါ"

"သူကစားတဲ့ ပွဲကို စကြည့်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သူ့ရဲ့ ခံစစ် အရည်အချင်းကို တွေ့မြင်နိုင်ပါတယ်။ ကိုယ်ခန္ဒာအနေအထား နေရာယူမှု ၊ချိန်သားကိုက်မှု ဒါတွေကို တွေ့နိုင်ပါတယ်" "ကိုယ့်ဘက်က ဘောလုံးရလို့ ကစားကွက်စတင်တဲ့ အချိန်မျိုးမှာ သူဟာ ခြေနှစ်ဖက်စလုံးကို အသုံးပြုနိုင်သူပါ။ သူဟာ ယုံကြည်မှု ရှိတယ် ရွေ့လျားနိုင်တယ် အတွေ့အကြုံပြည့်ဝတယ်။ သူ့ကို ခေါ်ဖို့ အခွင့်အရေးရတာနဲ့ ကျွန်တော်တို့ ရအောင်ဦစားပေး ကြိုးစားခဲ့ပါတယ်။ သူအသင်းကို ရောက်လာတဲ့အခါမှာ တကယ်ကို ပျော်ရွှင်ကျေနပ်မိပါတယ်"လို့ တူချယ်က ဆိုပါတယ်။

ကူလီဘာလေဟာ နာပိုလီအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၁၆ ပွဲ ကစားထားခဲ့ကာ သွင်းဂိုး ၁၄ ဂိုး နဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထာူခဲ့ပါတယ်။ သူဟာ နာပိုလီ အသင်းကို ကိုပါအီတလီရာနဲ့ စူပါကိုပါအီတလီရာ ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မနှစ်က အာဖရိကဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းဖြစ်တဲ့ ဆီနီဂေါအသင်းကို ဖလားရရှိအောင် အဓိက ကစားသမားအဖြစ် ပါဝင်ကူညီပေးခဲ့ပါတယ်။

နာပိုလီအသင်းကတော့ ကူလီဘာလေနေရာမှာ ဖြည့်တင်းရန် ကိုရီးယားသာ ကင်မင်ဂျေးကို ဖီနာဘာချီ အသင်းထံမှ ခေါ်ယူထားပါတယ်။ လာမယ့်ရာသီမှာတော့ နာပိုလီအသင်းနောက်တန်းမှာ ဘာတွေကွာခြားသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

#ချဲလ်ဆီး #တူချယ် #ကူလီဘာလေ