ရှေ့သို့
Image

ယူနိုက်တက်မှာ ဆက်နေဖို့ ရော်နယ်ဒိုကို ထပ်မံ တောင်းဆိုလိုက်တဲ့ နာနီ

2:41 PM, 5 August

ယူနိုက်တက် တောင်ပံ ကစားသမားဟောင်း နာနီက အသင်း ဖော်ဟောင်း ရော်နယ်ဒို အနေနဲ့ မန်ချက်စတာမှာ ဆက်နေဖို့ တောင်းဆိုလိုက်ပြီး အခုရာသီမှာ ပိုအင်အား တောင့်တင်းလာမယ်လို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ တန်ဟက်တို့ကြား ဆက်ဆံရေး အခြေအနေကို တင်းမာလျှက် ရှိနေတာ ဖြစ်ကာ ချန်ပီယံလိဂ် ကစားချင်တာကြောင့် အသင်း ပြောင်းချင်နေတာ ဖြစ်ပါတယ်။


ဒါ့အပြင် တန်ဟက်က ဗယ်လက်ကာနို အသင်းနဲ့ ခြေစမ်းပွဲမှာ ရော်နယ်ဒို တစ်ယောက် လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ လက်မခံနိုင်စရာလို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပထမဆုံး ရာသီကြို ခြေစမ်းပွဲမှာ ပွဲမပြီးခင်မှာပဲ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ပြိုက်ဘက် ကလပ်တွေထံကနေ ကမ်းလှမ်းမှု မရသေးပေမယ့် ရော်နယ်ဒို တစ်ယောက် အသင်းပြောင်းဖို့ များနေပါတယ်။


တန်ဟက်ဟာ လာမယ့် ဘရိုက်တန် အသင်းနဲ့ပွဲမှာ ရော်နယ်ဒိုကို အရန်ခုံမှာပဲထားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နာနီက ရော်နယ်ဒို အနေနဲ့ ယူနိုက်တက်မှာ နောက်တစ်နှစ်လောက် အနည်းဆုံး ထပ်နေဖို့ တိုက်တွန်းခဲ့ပါတယ်။ “ကျွန်တော် သူ့ကို မန်ချက်စတာမှာ တစ်နှစ်လောက် ထပ်မြင်ချင်ပါတယ်။ အသင်းက အခုဆို တော်တော်လေး အင်အား တောင့်တင်း လာပါပြီ။


အကောင်းဆုံးလည်း ပြင်ဆင် နိုင်ခဲ့ကြသလို အသင်းကလည်း တော်တော်လေး ကောင်းလာပါပြီ။ အသင်းမှာ သူဆက်နေပြီး ကူညီပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ နာနီက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုအပတ်မှာ ဘရိုက်တန် အသင်းနဲ့ ပွဲဦးထွက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နာနီ #ရော်နယ်ဒို #တန်ဟတ်