ရှေ့သို့
Image

အပြောင်းအရွှေ့ updateနဲ့ လီနို ထွက်ခွာမှု အကြောင်း ထုတ်ဖော် ပြောကြားလိုက်တဲ့ အာတီတာ

2:22 PM, 5 August

အာဆင်နယ် အသင်း နည်းပြ အာတီတာက မိမိတို့ အသင်းဟာ အပြောင်းအရွှေ့ထဲမှာ လှုပ်ရှားနေဆဲဖြစ်ပြီး ဆက်လက် ခေါ်ယူဦးမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။ အာဆင်နယ်ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ အလုပ်များနေပြီး ခေါ်ယူ အားဖြည့်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


လက်ရှိ အပြောင်းအရွှေ့မှာ ဂျီးဆပ်စ် ၊ ဇင်ချန်ကို ၊ ဗီအဲရာ ၊ မာကွင်ဟို့စ် နဲ့ တာနာတို့ကို ခေါ်ယူ ထားခဲ့တာ ဖြစ်ပါတယ်။ လီနိုကတော့ အခု အပတ် အစောပိုင်းတုန်းက ဖူလ်ဟမ် အသင်းကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ကာ ဂွမ်ဒိုဇီ ၊ မာဗရိုပါနို့စ် ၊ လာကာဇက်တီတို့လည်း ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။


ဒါ့အပြင် အခြား ကစားသမားတွေ ဖြစ်တဲ့ ဘယ်လာရင် နဲ့ တော်ရဲရားတို့ကိုလည်း ရောင်းထုတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်း အတွက် လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။


“ကျွန်တော်တို့ အပြောင်းအရွှေ့မှာ လှုပ်ရှားနေဆဲပါ။ ဖြစ်နိုင်ချေတိုင်းကို လုပ်ဆောင်နေပါတယ်။ အများကြီး ဖြစ်လာ နိုင်သေးတာ ဖြစ်ပြီး အပြီးထိ ရပ်တန့်မှာ မဟုတ်ပါဘူး။ ကစားသမား အချို့လည်း ထွက်ခွာဦးမှာ ဖြစ်ပြီး အချို့လည်း အသင်းကို ရောက်လာနိုင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။


အာတီတာက လီနို တစ်ယောက် အသင်းကနေ ထွက်ခွာတာဟာ ပုံမှန် ပွဲထွက်ခွင့် လိုချင်တာကြောင့် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ “လီနိုက တကယ့်ကို ပရော်ဖက်ရှင်နယ် ပီသတဲ့ ဂိုးသမား တစ်ဦးပါ။ သူ အသင်း အတွက် အကောင်းဆုံး ပေးဆပ် ကစား ပေးခဲ့ပါတယ်။ ကျွန်တော်သူနဲ့ မနေ့ညက စကားပြော ဖြစ်ပါတယ်။ သူ့အတွက် အကောင်းဆုံး နေရာ တစ်ခုကို ရွေးချယ်လိုက်တာပါ။ သူ နဲ့ သူ့မိသားစု ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #အပြောင်းအရွှေ့ #လီနို