ရှေ့သို့
Image

တော့ပ်ဘိုလေ တစ်ယောက် အမှားကြီးကျူးလွန်ခဲ့ပြီလို့ ဂါးလက်စ် ထောက်ပြ

2:45 PM, 4 August

ချဲလ်ဆီး အသင်းပိုင်ရှင်သစ် ဘိုလေတစ်ယောက် ကွန်ဒီကို မခေါ်ယူနိုင်လိုက်တာဟာ အမှားကြီးတစ်ခုလို့ ဂါးလက်စ်က ထောက်ပြပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်း ဂါးလက်စ်က အသင်းအနေနဲ့ ကွန်ဒီကို ခေါ်ယူနိုင်လိုက်ခဲ့သင့်တယ်လို့ ညည်းတွားခဲ့တာဖြစ်ပါတယ်။ တူချယ်ရဲ့ချဲလ်ဆီး အသင်းဟာ ကွန်ဒီကိုခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဘာစီလိုနာ အသင်းရဲ့ကြားဖြတ်လုယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော် ချဲလ်ဆီးအနေနဲ့ ဘာတွေလုပ်နေလဲဆိုတာကို နားမလည်နိုင်ဖြစ်ရပါတယ်။ သူတို့ ကွန်ဒီကို ခေါ်ယူနိုင်ခဲ့သင့်တာပါ။ တကယ်လည်း ခေါ်ယူနိုင်ဖို့ကို နီးစပ်ခဲ့တာပါ။ အမှားကြီးတစ်ခုလုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘုတ်အဖွဲ့အနေနဲ့ အချိန်ဆွဲလိုက်တာက တော်တော်ဆိုးပါတယ်။ ဒီလိုအရည်အချင်းရှိတဲ့ လူငယ်လေးကို အရခေါ်ယူခဲ့သင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူက ထိပ်တန်းအဆင့်ခြေစွမ်းမျိုးပြသခဲ့ပါတယ်။ ချဲလ်ဆီးက ကွန်ဒီလိုကစားသမားမျိုးလိုအပ်နေတာပါ။ အက်စ်ပီလီကျူတာဆို အသက်ကြီးနေပါပြီ။ သူက ဘာစီလိုနာကိုပြောင်းဖို့လည်း များနေပါတယ်။ ဆယ်နှစ်တာက ကစားခဲ့အပြီးမှာ ချဲလ်ဆီးအနေနဲ့ သူ့ကိုလက်လွှတ်ဖို့များနေပါတယ်။ သူက တကယ်ကောင်းတဲ့ အသင်းခေါင်းဆောင်ပါ။  ချဲလ်ဆီးအနေနဲ့ လူငယ်နောက်ခံလူတွေကို ရှာသင့်နေပါပြီ။ ကွန်ဒီက တကယ့်ကို အသင်းမှာ သင့်တော်မယ့်သူပါ”လို့ ဂါးလက်စ်က ပြောကြားခဲ့ပါတယ်။

ဂါးလက်စ်ဟာ ချဲလ်ဆီးအသင်းမှာ ၅ နှစ်တာဖြတ်သန်းခဲ့တာဖြစ်ပြီး အသင်းပိုင်ရှင်သစ်အနေနဲ့ အခုအပြောင်းအရွှေ့မှာ အားဖြည့်မှုတွေ ထပ်လုပ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် လက်ရှိအပြောင်းအရွှေ့မှာ ချဲလ်ဆီးဟာ စတာလင်နဲ့ ကူလီဘာလေတို့ ၂ ဦးသာ ခေါ်ယူထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။

“သာမန်အားဖြင့် အသင်းပိုင်ရှင်သစ်အနေနဲ့ တစ်ခုခုလုပ်ပြသင့်တာပါ။ ကွန်ဒီကို ဘာကြောင့် မခေါ်ခဲ့လဲဆိုတာ နားမလည်နိုင်ဖြစ်ရပါတယ်။ သူတို့အမှားကြီးမှားတာပါ။  ကွန်ဒီကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် သီယာဂိုဆေးလ်ဗား ၊ ကူလီဘာလေတို့နဲ့ ချဲလ်ဆီးနောက်တန်းက အဆင့်တစ်ခုရောက်လာနိုင်ပါတယ်။ တူချယ်ရဲ့ ၃ ယောက်တန်းခံစစ်မှာလည်း ကွန်ဒီက အဆင်ပြေနိုင်တဲ့သူပါ”လို့ ဂါးလက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး စနေနေ့မှာ အဲဗာတန် အသင်းနဲ့ ပွဲဦးထွက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ #ချဲလ်ဆီး #ကွန်ဒီ #တော့ဒ်ဘိုလေ #ဂါးလက်စ်