ရှေ့သို့
Image

ကူလီဘာလေရဲ့ ပထမအကြိမ်ဖုန်းခေါ်ဆိုမှုကို စနောက်ကျီစယ်တယ်လို့ ယူဆကာ ဖုန်းချပစ်ခဲ့တဲ့ ဂျွန်တယ်ရီ

2:30 PM, 4 August

ချဲလ်ဆီးဂန္တဝင်ကစားသမား ဂျွန်တယ်ရီရဲ့ ကျောနံပါတ်(၂၆)ဂျာစီအင်္ကျီကို ဆက်ခံဖို့ ခွင့်ပြုချက်တောင်းခံလာတဲ့ ကူလီဘာလေရဲ့ ပထမအကြိမ်ဖုန်းခေါ်ဆိုမှုကို စနောက်ကျီစယ်တယ်လို့ ယူဆကာ ဂန္တဝင်ကစားသမားကြီးက ဖုန်းချပစ်ခဲ့တယ်လို့ ကူလီဘာလေက ရယ်ရယ်မောမောနဲ့ ရင်ဖွင့်ပြောဆိုလာပါတယ်။

အခုနွေရာသီမှာ ပြောင်းရွှေ့ကြေးပေါင် ၃၃ သန်းနဲ့ စီရီးအေကလပ် နာပိုလီမှ ချဲလ်ဆီးဆီ ရောက်ရှိလာတဲ့ အသက်-၃၁ နှစ်အရွယ် နောက်ခံလူက ဒီရာသီမှာ ချဲလ်ဆီးရဲ့ ကျောနံပါတ် (၂၆) ကို ဝတ်ဆင်သွားမှာပါ။ ဒါပေမယ့် ဒီကျောနံပါတ်ကို ဝတ်ဆင်ဖို့  အသင်းက သူ့ကိုမပေးခင် ကူလီဘာလေအနေနဲ့ ဂျွန်တယ်ရီဆီက ခွင့်ပြုချက် ရရှိချင်ခဲ့ပါတယ်။

ဒီလိုဖုန်းခေါ်ဆိုမှုအပေါ် စိတ်လှုပ်ရှားခြင်းရှိ၊မရှိနဲ့ ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာအပေါ် မေးမြန်းခဲ့ချိန် ကူလီဘာလေက အဲ့ဒါက အမှန်ပါပဲ။ ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချဲလ်ဆီးနဲ့အတူ စာချုပ်ချုပ်ဆိုဖို့ စောင့်နေခဲ့ရပြီး လက်မှတ်ထိုးမယ့်ရက် မတိုင်ခင် ညပိုင်းက ကျွန်တော် အရမ်းပျော်နေခဲ့တာပါ။ ဒုတိယတစ်ခုအနေနဲ့ ကျွန်တော်က အသင်းမှာ ဘယ်ကျောနံပါတ်တွေ လစ်လပ်နေသလဲဆိုတာ သိချင်နေခဲ့ပါတယ်။ အသင်းအုပ်ချုပ်သူနဲ့ စကားပြောကြည့်တော့ သူက တချို့နံပါတ်တွေတော့ ပြောပြပါတယ်။ ဒါပေမယ့် ကျောနံပါတ် (၂၆)ကိုတော့ မပြောဘူး။ ဒါကြောင့် ကျွန်တော် သူ့ကို ကျောနံပါတ်(၂၆)အတွက် မေးကြည့်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့လေ့လာမှုတွေအရ ၂၀၁၇ ခုနှစ်၊ ချဲလ်ဆီးကနေ ဂျွန်တယ်ရီထွက်ခွာသွားပြီးကတည်းက ဒီကျောနံပါတ်ကို ဘယ်သူကမှ မဝတ်ဆင်ခဲ့ဘူးဆိုတာကို သိခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ဒီကျောနံပါတ်က အနားပေးထားတာလား (သို့မဟုတ်) ဘယ်သူကမှ ဒီနံပါတ်ကို မဝတ်ချင်တာပဲလားဆိုပြီး ကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ ကောင်းကောင်းရင်းနှီးတဲ့ ချဲလ်ဆီး ကစားသမားဟောင်း ဇိုလာကို မေးကြည့်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို ချဲလ်ဆီးရဲ့သမိုင်းကြောင်း၊ ချဲလ်ဆီးဆီ ရောက်သွားချိန် ကျွန်တော်သိထားရမယ့် အရာတွေကို ပြောပြခဲ့သလို ကျွန်တော်ကလည်း ကလပ်ရဲ့အကြောင်း၊ ကလပ်ရဲ့တည်ဆောက်ပုံ၊ ကလပ်ဖန်တွေအကြောင်း အစုံအလင်မေးမြန်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က ဂျာစီကိစ္စမေးမြန်းချင်လို့ ဂျွန်တယ်ရီရဲ့ဖုန်းနံပါတ်ကို သူ့ဆီမှာတောင်းယူခဲ့ပါတယ်။

ဇိုလာကလည်း ဖုန်းနံပါတ်ပေးပါတယ်။ ပြီးတော့ ကျွန်တော်က ဂျွန်တယ်ရီဆီဖုန်းခေါ်လိုက်တော့ အစပထမပိုင်းမှာ ကူလီဘာလီက ဖုန်းခေါ်တာလို့ သူမယုံကြည်ခဲ့ဘူး။ သူက နောက်ပြောင်ကျီဆယ်တဲ့ဖုန်းလို့ပဲ ထင်နေခဲ့တာပါ။ ဒါကြောင့် သူက ဖုန်းချပစ်ခဲ့ပါတယ်။ ပြီးတော့ အသင်းအုပ်ချုပ်သူဆီဖုန်းဆက်ပြီး ကူလီဘာလီဆက်တာ တကယ်လားလို့ မေးခဲ့ပါတယ်။ ဒါတွေပြီးတဲ့နောက်မှာ ကျွန်တော်က သူ့ဆီကနေ ဂန္တဝင်ကျောနံပါတ်ကို ဝတ်ဆင်လိုတဲ့အကြောင်း လေးစားမှုအပြည့်နဲ့ ခွင့်တောင်းခဲ့ပါတယ်။ ဒီနံပါတ်က ဂျွန်တယ်ရီအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ ကျွန်တော်သိသလို ကျွန်တော့်အတွက်လည်း ဒီအတိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီကျောနံပါတ်ကို နာပိုလီမှာကတည်းက ဝတ်ဆင်ခဲ့သလို ချဲလ်ဆီးမှာလည်း ဒါကို ဆက်လက်ဝတ်ဆင်ချင်လို့ပါ။ နောက်ပိုင်းမှာတော့ တယ်ရီက ကျွန်တော့်ကို ခွင့်ပြုပေးခဲ့ပါတယ်။ ကျွန်တော် တကယ့်ကို ပျော်ရွှင်မိတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီမြို့အတွက်၊ ဒီကလပ်အတွက်၊ ဒီအသင်းပရိသတ်တွေအတွက် သူဘာတွေလုပ်ပေးခဲ့သလဲဆိုတာ ကျွန်တော်သိလို့ပါ။ ပြီးတော့ ကျွန်တော့်အနေနဲ့ ဒီကျောနံပါတ်ကို မဝတ်ဆင်ခင် သူ့ဆီက ပထမဆုံးခွင့်ပြုချက်ရဖို့ အရေးကြီးဆုံးပဲဆိုတာ ကျွန်တော်သိပါတယ်။  ကျွန်တော် လူတိုင်းကိုပြောချင်တာတစ်ခုကတော့ ကျွန်တော့်အနေနဲ့ ကလပ်ရဲ့ဂန္တဝင်ကစားသမားတစ်ဦးကို လေးစားမှုအပြည့်နဲ့ ဒီကျောနံပါတ်ကိုဝတ်ဆင်ခွင့်ရဖို့ ခွင့်တောင်းခဲ့တယ်ဆိုတာပါပဲ။ ဒါပေမယ့် ပထမဆုံးအကြိမ်ဖုန်းခေါ်တာကိုတော့ ဂျွန်တယ်ရီက ဖုန်းချခဲ့ပါတယ်။ သူက ကူလီဘာလီဆက်တာလို့ မယုံကြည်ခဲ့လို့ပါ” လို့ ပြောပြခဲ့ပါတယ်။

#ချဲလ်ဆီး #ဂျွန်တယ်ရီ #ကူလီဘာလေ