ရှေ့သို့
Image

လီနိုကို လန်ဒန်မြို့ခံပြိုင်ဘက် ဖူလ်ဟမ်ဆီ အပြီးသတ်ရောင်းချလိုက်တဲ့ အာဆင်နယ်

9:13 AM, 3 August

ဒီနှစ်ကုန် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီလက်ရွေးစင်အဖြစ် ပါဝင်ခွင့်ရရှိရေးမျှော်လင့်ချက်ကို အသက်သွင်းနိုင်ဖို့ အာဆင်နယ် အရန်ဂိုးသမားလီနိုက လန်ဒန်မြို့ခံပြိုင်ဘက် ဖူလ်ဟမ်ဆီ အခုသီတင်းပတ်၊ အင်္ဂါနေ့မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

အသက်-၃၀ နှစ်အရွယ် ဂိုးသမားက ပြီးခဲ့တဲ့ရာသီ၊ အာဆင်နယ်ကို အာရွန်ရမ်စ်ဒေးပြောင်းရွှေ့လာပြီးနောက် ကလပ်အသင်းပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရကာ အခုနွေရာသီမှာတော့ တန်းတက်အသင်းဆီ ပြောင်းရွှေ့ကြေးပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာလို့ သတင်းတွေက ဖော်ပြကြပါတယ်။ ဖူလ်ဟမ်က လာမည့်စနေနေ့မှာ ပရီးမီးယားလိဂ်ထိပ်သီးလီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိပါတယ်။

လီနိုက လက်ရွေးစင်အသင်းအတွက် ၉ ပွဲပါဝင်ကစားခွင့်ရထားတဲ့ လီနိုက ပြီးခဲ့တဲ့ရာသီကုန်ကာလ၊ ဂျာမနီလက်ရွေးစင်အသင်းရဲ့ နေရှင်းလိဂ်ပြိုင်ပွဲဝင်အသင်းလူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာရဲ့ ထိပ်တန်းလက်စွမ်းတွေကြောင့် လီနိုအနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်း ဂိုးပေါက်ကို ကာကွယ်ခွင့်ရဖို့ကလည်း အခွင့်အရေးသိပ်မရှိပါဘူး။

ဖူလ်ဟမ်ဆီ သုံးနှစ်စာချုပ်နဲ့ပြောင်းရွှေ့လာတဲ့ လီနိုက “ဒီကလပ်ကိုပူးပေါင်းခွင့်ရတာ အရမ်းအံ့သြမိပါတယ်။ ကျွန်တော် ဒီအသင်းနဲ့ ပူးပေါင်းဖို့၊ လေ့ကျင့်ဖို့၊ ကစားခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး။ အရာရာတိုင်း ပြီးစီးသွားပြီဖြစ်လို့ ကျွန်တော်စိတ်အေးသွားပါပြီ။ ကျွန်တော် ဒီနေရာမှာ ရောက်ရှိနေတာ ပျော်ရွှင်ပါတယ်။ ဒီအပြောင်းအရွှေ့အတွက် အချိန်အနည်းငယ်ယူခဲ့ရပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဒါက အရေးကြီးတဲ့ အရာတစ်ခုပါ”လို့ ဖူလ်ဟမ် အသင်းပိုင် FFCtv channel ရုပ်သံလိုင်းနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

လေဗာကူဆင်ဂိုးသမားဟောင်း လီနိုက အာဆင်နယ်နဲ့ အတူ အံ့အားသင့်ဖွယ်လေးနှစ်တာကာလကို ဖြတ်သန်းခဲ့ရတယ်လို့ နှုတ်ဆက်စကားပြောဆိုရင်း ဂန်နားပရိသတ်တွေအပါအဝင် အာဆင်နယ်အသင်းနဲ့ သက်ဆိုင်သူအကုန်လုံး ကျေးဇူးတင်ရှိပါကြောင်း ပြောဆိုခဲ့ပါတယ်။

#အာဆင်နယ် #လီနို #ဖူလ်ဟမ်