ပေါင် ၈ သန်းတည်းနဲ့ လီနိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အာဆင်နယ်
3:32 PM, 2 August
အာဆင်နယ်ဂိုးသမား ဘာ့ဒ်လီနိုဟာ တန်းတက်ဖူလ်ဟမ်အသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက အာရွန်ရမ်စ်ဒယ်ရောက်ရှိလာခဲ့ပြီးနောက် ဒုတိယဦးစားပေးသာ ဖြစ်သွားခဲ့ရတဲ့ ဂျာမန်လက်ရွေးစင်ဟာ အမ်းမရိတ်ကွင်းကို စွန့်ခွာဖို့ ပြင်ဆင်လျက်ရှိပါတယ်။
အခုလည်း အပြောင်းအရွှေ့ဆရာကြီး ဖာဘရီဇီယိုရိုမာနိုက လီနိုအနေနဲ့ ဒီတစ်ပတ်ထဲမှာပဲ ဖူလ်ဟမ်နဲ့ ဆေးစစ်မှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့တော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ ရိုမာနိုက “ဘာ့ဒ်လီနိုက ဒီတစ်ပတ်ထဲမှာပဲ ဖူလ်ဟမ်းကစားသမားသစ်အနေနဲ့ ဆေးစစ်တော့မှာပါ။ ဇွန်လ ၂၀၂၅ ထိစာချုပ် ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ အာဆင်နယ်နဲ့ ပေါင် ၈ သန်းတန် အပြောင်းရွှေ့က မနေ့ကတည်းက အပြီးသတ်သွားပါပြီ။ ဒီတစ်ပတ်ထဲမှာပဲ တရားဝင် ကြေညာနိုင်ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ တက်တက်ကြွကြွနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး ပထမအသင်း ကစားသမား ၅ ယောက်အတွက် ပေါင်သန်း ၁၁၀ ကျော်သုံးစွဲထားပြီး ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး ကစားသမားတွေဖြစ်တဲ့ အိုလက်ဆန်းဒါးဇင်ချန်ကိုနဲ့ ဂါဘရီရယ်ဂျီးဆပ်တို့ကိုလည်း ခေါ်ယူထားသလို ပါရမီရှင် လူငယ်ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဖေဘီယိုဗီအဲရာ၊ ဘရာဇီးလူငယ် တောင်ပံကစားသမား မာကွင်ဟိုနဲ့ အတွေ့အကြုံရင့် ဂိုးသမား မတ်တာနာတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။
လက်ကျန်အပြောင်းအရွှေ့ကာ ၄ ပတ်အတွင်းမှာ နောက်ထပ်ကစားသမား ၁ ယောက် သို့မဟုတ် ၂ ယောက်ကိုလည်း ခေါ်ယူချင်သေးကြောင်း နည်းပြအာတီတာက ပြောခဲ့ပါတယ်။ အာတီတာက “ဈေးကွက်သာ အဆင်ပြေရင် ကျွန်တော်ဆက်လုပ်စရာတွေ ရှိပါသေးတယ်။ နောက်ဆုံး ရက်ပိုင်းတွေကျရင် လှုပ်ရှားမှုနည်းနည်း ရှိပါလိမ့်မယ်။ ကျွန်တော်က အသင်းကိုမျှတအောင် တည်ဆောက်ချင်ပါတယ်၊ အစကတည်းက ကျွန်တော်တို့ စီစဉ်ထားပြီးသားပါ။ မဖြစ်ဖြစ်တဲ့ နည်းနဲ့ကိုအောင်မြင်အောင်လုပ်မှာပါ”လို့ ပြောသွားခဲ့ပါတယ်။