ရှေ့သို့
Image

ချဲလ်ဆီးနဲ့ သတင်းထွက်နေတဲ့ ဖိုဖာနာ အကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ရော်ဂျာ

2:54 PM, 2 August

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းထွက်နေတဲ့ နောက်ခံလူ ဖိုဖာနာအကြောင်း ရှင်းရှင်းလင်းလင်းပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်တန်းနေရာအတွက် ကူလီဘာလေကို ခေါ်ယူထားပြီးဖြစ်ပေမယ့်လည်း နောက်ထပ်နောက်ခံလူတစ်ဦးခေါ်ယူချင်နေဆဲဖြစ်ပါတယ်။ တူချယ်ဟာ ဒီလစ်ဂျ်ကို ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက ဘိုင်ယန်ကိုသာ ပြောင်းရွှေ့ခဲ့သလို ကာာလရှည်ပစ်မှတ် ကွန်ဒီကိုလည်း ဘာစီလိုနာအသင်းထံ လက်လွှတ်ခဲ့ရပါတယ်။

အဲ့နောက် ဘုတ်အဖွဲ့က ဖိုဖာနာ နဲ့ ဂျိုစကိုတို့ကို ပစ်မှတ်ထားလာခဲ့ပြီး ၂ ဦးစလုံးတန်ကြေးက အဆင်ပြေနိုင်တာဖြစ်ပါတယ်။ ဖိုဖာနာဟာ ပြီးခဲ့တဲ့ရာသီက အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရပေမယ့် လက်စတာဟာ လူငယ်နောက်ခံလူကို ကာလရှည်အသင်းမှာ ဆက်ထိန်းထားချင်တာဖြစ်ပါတယ်။

ရော်ဂျာကတော့ ဖိုဖာနာကို အသင်းကနေ ရောင်းထုတ်ဖို့ အစီအစဉ်မရှိကြောင်း ပြောကြားလိုက်ပါတယ်။ “သာမန်အားဖြင့် သူက ထိပ်တန်းအရည်အချင်းရှိပါတယ်။ သူက ရောင်းချဖို့ မဟုတ်ပါဘူး။ သူ့မှာ တိုးတက်နိုင်တဲ့အရည်အချင်းတွေ အများကြီး ရှိနေပါတယ်။ ဒီမှာ သူပျော်နေပါတယ်။ သူ့ကို အခြားအသင်းတွေက စိတ်ဝင်စားကြမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အသင်းမှာပဲ ဆက်ထိန်းထားမှာပါ”လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မစခင် ဖိုဖာနာဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဆီဗီလာအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။

“ကျွန်တော် သူနဲ့ပတ်သက်ပြီး သေချာချင်တာကြောင့် ခနပဲကစားခိုင်းလိုက်တာပါ။ ပေါင်ခြံဒဏ်ရာကလည်း အကင်းမသေသေးတာကြောင့် သူ့ကို မိနစ်အနည်းငယ်လောက်ကစားခိုင်းပြီး လူစားလဲလိုက်တာပါ”လို့ ရော်ဂျာက ရှင်းပြခဲ့ပါတယ်။

လက်စတာဟာ အခုနွေဈေးကွက်မှာ ကစားသမားသစ်မခေါ်ယူရသေးပဲ အဓိက ကစားသမားတွေကိုသာ အသင်းမှာ ဆက်ထိန်းနေရတာဖြစ်ပါတယ်။

#ချဲလ်ဆီး #လက်စတာ #ဖိုဖာနာ #ရော်ဂျာ