ရှေ့သို့
Image

တီမိုဝါနာကို ပြန်လည်ခေါ်ယူဖို့ ယုံကြည်ချက်တွေတိုးပွားလာနေတဲ့ လိုက်ပ်ဇစ်

10:56 AM, 2 August

လိုက်ပ်ဇစ်က ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို ပြန်လည်ခေါ်ယူနိုင်ရေး သဘောတူညီမှုရနိုင်ဖို့ ယုံကြည်ချက်တွေ မြင့်တက်လာနေတယ်လို့ Sky in Germany က သတင်းရေးသားခဲ့ပါတယ်။

တီမိုဝါနာရဲ့အပြောင်းအရွှေ့အတွက် ကလပ်အသင်းနှစ်ခုအကြား ဆွေးနွေးမှုတွေက အလျင်အမြန်နဲ့ ဆက်လက်ဖြစ်ပေါ်နေပြီး ဘွန်ဒက်စ်လီဂါကလပ်အနေနဲ့ တိုက်စစ်မှူးဟောင်းကို အငှား(သို့မဟုတ်)အပြီးသတ် ခေါ်ယူနိုင်မယ့်ဖြစ်နိုင်ချေနည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလက အသက်-၂၆ နှစ်အရွယ် တိုက်စစ်မှူးကို ချဲလ်ဆီးက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅ သန်းပေးပြီး ခေါ်ယူခဲ့ပေမယ့် လန်ဒန်မြေမှာ ဂျာမန်တိုက်စစ်မှူးက ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

လာမည့်နိုဝင်ဘာလမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန် ဟန်ဆီဖလစ်ခ်ရဲ့အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာ သေချာစေဖို့ တီမိုဝါနာက ပုံမှန်ပွဲကစားခွင့်ရရှိလိုနေပြီး အသင်းပြောင်းချင်တယ်လို့ ထုတ်ပြောထားပါတယ်။ သူနဲ့ ချဲလ်ဆီးနည်းပြ တူချယ်တို့ကြားက ဆက်ဆံရေးမှာလည်း အဖုအထစ်တွေရှိတယ်လို့ တီမိုဝါနာက ထုတ်ပြောခဲ့ပေမယ့် တူချယ်ကတော့ အသင်းတိုက်စစ်မှူးကို ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိပုံ မရပါဘူး။

Sky in Italy ရဲ့အဆိုအရ ဂျူဗင်တပ်စ်က တိုက်စစ်မှူးမိုရာတာကို အသင်းဆီခေါ်ယူဖို့ မဖြစ်နိုင်ခဲ့ရင် တီမိုဝါနာကို ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ဂျာမန်စူပါဖလားပွဲစဉ်မတိုင်ခင် လိုက်ပ်ဇစ်နည်းပြ တီဒက်စ်ကိုက တီမိုဝါနာရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ တစုံတရာမှတ်ချက်ပေးပြောကြားခဲ့တာမျိုး မရှိခဲ့ပါဘူး။

ချဲလ်ဆီးကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၈၉ ပွဲကစား၊ ၂၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တီမိုဝါနာက ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၁၅ ပွဲသာ ကစားခွင့်ရခဲ့ပြီး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

#ချဲလ်ဆီး #လိုက်ပ်ဇစ် #အပြောင်းအရွှေ့ #ဝါနာ