ရှေ့သို့
Image

လူစာရင်းပိုမိုတောင့်တင်းတာကြောင့် တော့တင်ဟမ်အသင်းက ယူနိုက်တက်အသင်း အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ဆိုလိုက်တဲ့ လီဗာပူးဂန္ဓဝင်

4:43 PM, 1 August

လီဗာပူးအသင်းရဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဒန်နီမာဖီက လာမယ့်ရာသီ၌ လူသစ်တွေ ဆက်တိုက်ခေါ်ယူကာ ပြင်ဆင်မှုအားကောင်းတဲ့ တော့တင်ဟမ်အသင်းက ဒီနှစ်နွေ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ဝယ်ယူမှု အားနည်းတဲ့ ယူနိုက်တက် အသင်းထက် လူစာရင်း ပိုမိုတောင့်တင်းမှုရှိတာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ယူနိုက်တက်အသင်း အထက်က ရှိနေမှာ ဖြစ်တဲ့အကြောင်း သုံးသပ်ပြ သွားခဲ့တာပါ။

တော့တင်ဟမ်အသင်းက ပြီးခဲ့တဲ့ ရာသီမှာ အဆင့် ၄နေရာနဲ့ ရာသီပိတ်သိမ်းခဲ့တာဖြစ်ပြီး ဒီနွေအပြောင်းအရွှေ့ကလာအတွင်းမှာလည်း ထိပ်သီး ကစားသမား တွေဖြစ်တဲ့ ရစ်ချာလီဆန်၊ ပါရီဆစ်၊ ဘစ်ဇူးမားနဲ့ လန်ဂလက်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ တော့တင်ဟမ်အသင်းလိုမျိုး ချန်ပီယံလိဂ် ဝင်ခွင့်ရယူထားနိုင်ခဲ့ ခြင်းမရှိတာ ကြောင့် ကစားသမားကောင်း တွေခေါ်ယူ ဖို့ ခက်ခဲ နေခဲ့တာဖြစ်ပြီး တိုင်ရယ်မာလာစီယာ၊ မာတီနက်ဇ်နဲ့ အဲရစ်ဆင်တို့ကို သာခေါ်ယူ အားဖြည့် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသင်း ၂သင်းရဲ့ လူစာရင်းကို နှိုင်းယှဉ်ပြကာ လီဗာပူး ကစားသမားဟောင်း ဒန်နီမာဖီ က Daily Mail သတင်းဌာနသို့ “ပြီးခဲ့တဲ့ ရာသီမှာ ကစားခဲ့ကြတဲ့ ခြေစွမ်းပိုင်းနဲ့ ရလဒ်အပြင် နွေရာသီအပြောင်းအရွှေ့ ကာလ အတွင်း လှုပ်ရှားထားမှုတွေကို ကြည့်လိုက်တာနဲ့ တော့တင်ဟမ် အသင်းက ယူနိုက်တက်အသင်း အထက်မှာ ရောက်ရှိနေမယ်ဆိုတာက သိသာနေပြီး ဆုဖလားရရှိတဲ့ နေရာမှာ လည်း တော့တင်ဟမ်အသင်းကသာ ခြေတစ်လှမ်း သာနေဦးမှာပါ”

“အသင်းရဲ့ လူစာရင်းရွေးချယ်ရမှု အပိုင်းမှာ ကွန်တီက အပြတ်အသတ်ကို အသာရနေမှာပါ။ တော့တင်ဟမ်အသင်းရဲ့ တိုက်စစ် သုံးယောက်တန်းမှာ ကိန်း၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလီဆန် တို့ရှိနေမှာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ တိုက်စစ်နေရာမှာ တော့ ရော်နယ်ဒိုသာ ထွက်ခွာဖြစ်မယ်ဆို ရက်ရှ်ဖို့ဒ်၊ အန်တိုနီမာရှယ်နဲ့ ဂျေဒန်ဆန်ချိုတို့ သာ ရှိနေတာကြောင့် ကွာဟချက် ကြီးမားပါတယ်”

“နည်းပြ အဲရစ်တန်ဟတ်က အသင်းအတွက် လိုအပ်တဲ့အရာတွေကို ပြင်ဆင်ဖို့ ကြိုစားနေတာ မှန်ပေမဲ့ သူ့ကျေနပ်လောက်တဲ့ ကစားသမား ခေါ်ယူမှုမျိုး မရရှိခဲ့သေး ပါဘူး။ တစ်ဖက်က နည်းပြ ကွန်တီမှာက တော့တင်ဟမ်အသင်းပိုင်ရှင်ဖြစ်တဲ့ လီဗိုင်း အနေဖြင့် ကောင်းမွန်တဲ့ ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်ပေးခဲ့ တာကြောင့် ၁၄နှစ်ကြာ ဖြတ်သန်းခဲ့ရတဲ့ ဖလားလက်မဲ့ ရာသီတွေကို အဆုံးသတ် သွားနိုင်ဖွယ်တောင် ရှိပါတယ်”လို့ ဝေဖန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #မာဖီ