ရှေ့သို့
Image

လာမယ့်ရာသီ ပရီးမီယားလိဂ် ရွှေဖိနပ်ဆုအတွက် ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်

2:11 PM, 1 August

လီဗာပူးက မန်စီးတီးကို အနိုင်ယူခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်အပြီးမှာ ရာသီသစ်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု အတွက် ပြောဆိုဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း၊ ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ်မာဆွန်ကတော့ လာမည့်ရာသီသစ် ပရီးမီးယားရွှေဖိနပ်ဆုကို ဘယ်တိုက်စစ်မှူးက ရယူနိုင်မလဲအပေါ် သူရဲ့ခန့်မှန်းချက်ကို ဖော်ပြလာပါတယ်။ အခုနွေရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ဟာလန်း၊ နူနက်ဇ်တို့လို ဥရောပသွေးသစ်တိုက်စစ်မှူးကောင်းတွေ ရောက်ရှိလာခဲ့ပေမယ့် ပေါလ်မာဆွန်ကတော့ လာမယ့်ရာသီသစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းက ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။

Daily Star မှာရေးသားခဲ့တဲ့ ပေါလ်မာဆွန်ရဲ့ ဆောင်းပါးမှာတော့ ဟယ်ရီကိန်းက ဟာလန်းနဲ့ နူနက်ဇ်တို့အတွက် စံနှုန်းတစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့သလို တော့တင်ဟမ်တိုက်စစ်မှူးကပဲ လာမယ့်ရာသီပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်တယ်လို့ ရေးသားခဲ့တာပါ။ ပေါလ်မာဆွန်ကတော့ သူရဲ့ ခန့်မှန်းချက်အပေါ် အကျိုးအကြောင်းနဲ့တကွ ရှင်းပြခဲ့ပါတယ်။

“ဇယားအလယ်ပိုင်းနားမှာရှိတဲ့ အသင်းတွေကို ဂိုးသွင်းနိုင်ရင် မင်း ရွှေဖိနပ်ဆုကျိန်းသေရမှာပဲ။ Top-4 အသင်းတွေကို ၁၅ ဂိုးလောက် သွင်းနေစရာမလိုပါဘူး”လို့ ပေါလ်မာဆွန်က ရေးသားခဲ့ပါတယ်။ ဒီလိုပဲ အင်္ဂလန်လက်ရွေးစင်ဟောင်းက ဟယ်ရီကိန်းအနေနဲ့ မြောက်လန်ဒန်ကလပ်အတွက် သီတင်းပတ်တိုင်းမှာ ပွဲထွက်ကစားခွင့်ရနိုင်မယ့် အခွင့်အရေးတစ်ခုရှိနေတယ်လို့ သုံးသပ်ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်လိုချင်နေတဲ့ မန်စီးတီးက ဟာလန်းကို ဒီလိုမျိုးသီတင်းပတ်တိုင်းပွဲထွက်ခွင့်ပေးဖို့ မမြင်မိသလို လီဗာပူးမှာလည်း တိုက်စစ်ပိုင်းက အပြောင်းအလဲများများပြုလုပ်နိုင်တာကြောင့် နူနက်ဇ်က ပွဲတိုင်းပါဝင်ကစားနိုင်ဖို့ မရှိဘူးလို့ ပေါလ်မာဆွန်က ရေးသားခဲ့ပါတယ်။

#လီဗာပူး #မန်စီးတီး #ပေါလ်မာဆွန် #ကွန်မြူနတီဒိုင်း