ရှေ့သို့
Image

တနင်္ဂနွေည ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားဖွယ်ရှိတယ်လို့ ရော်နယ်ဒို ဖွင့်ဟလာ

9:10 AM, 30 July

ခရစ္စတီယာနို ရော်နယ်ဒိုက တနင်္ဂနွေည ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ပါဝင်ဖို့ မျှော်မှန်းထားကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပါတယ်။ ၃၇နှစ်သားဟာ ယနေ့ည နော်ဝေမှာ ကစားမယ့် အက်သလက်တီကိုနဲ့ပွဲစဉ် အတွက် ယူနိုက်တက်လူစာရင်းမှာ မပါဝင်ပေမဲ့ တနင်္ဂနွေညပွဲမှာတော့ ပါဝင်နိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

တီကိုနဲ့ပွဲ လူစာရင်းမှာ မပါဝင်တဲ့အတွက် ကောလာဟလတွေ ပိုတိုးပွားလာစေပေမဲ့ ရော်နယ်ဒိုကတော့ စနေနေ့ လူစာရင်းကြေညာတဲ့ အင်စတာဂရမ်ပို့စ်ကို “တနင်္ဂနွေနေ့ကျရင် ဘုရင်ကြီးပြန်လာမယ်”လို့ တုံ့ပြန်ကာ ပရိသတ်ကို အသိပေးခဲ့ပါတယ်။ တနင်္ဂနွေည ဗယ်လက်ကာနိုနဲ့ပွဲစဉ်က လူသိပ်မသိပေမဲ့ ရော်နယ်ဒိုပါလာရင်တော့ လူသိရှင်ကြား ဖြစ်လာမှာ ကျိန်းသေနေပါတယ်။

အက်သလက်တီကိုနဲ့ပွဲမှာ မပါလာတာ ရော်နယ်ဒိုတစ်ယောက်တည်း မဟုတ်ဘဲ လုခ်ရှော၊ ဝမ်ဘစ်ဆာကာတို့လည်း ချန်လှပ်ခံခဲ့ရပြီး တနင်္ဂနွေညပွဲမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။ ရော်နယ်ဒိုကတော့ ယူနိုက်တက်ကနေ ထွက်ခွာလိုနေဆဲဖြစ်ပြီး အေးဂျင့် ဂျော့ချ်မန်ဒက်စ်က အသင်းသစ် ရှာဖွေပေးနေပေမဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သမိုင်းတစ်လျောက် အကောင်းဆုံးကစားသမား၁ဦးဖြစ်ပေမဲ့ အသက်အရွယ်ရလာမှု၊ လစာမြင့်မားမှုနဲ့ အသင်းတွေမှာ အံဝင်နိုင်ခြင်း မရှိနိုင်မှုတို့ကြောင့် အသင်းသစ်ရှာဖွေရေးမှာ အဟန့်အတားများစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။ အသင်းဟောင်း စပို့တင်းလစ္စဘွန်းက ပေါ်တူဂီသား ပြန်နိုင်တဲ့နေရာ ဖြစ်သလို ချဲလ်ဆီးကလည်း ဖြစ်နိုင်တဲ့ကလပ် ဖြစ်ပေမဲ့ တကယ်တမ်းမှာ ဘယ်အသင်းနဲ့မှ အတည်တကျ ဆွေးနွေးနေမှု မရှိပါဘူး။

ယနေ့နဲ့ မနက်ဖြန်မှာ ခြေစမ်းပွဲတွေ ဆက်တိုက်ကစားပြီးရင်တော့ ယူနိုက်တက်တို့ သြဂုတ်လ ၇ရက်နေ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

#အက်သလက်တီကို #ရော်နယ်ဒို #ဗယ်လက်ကာနို #ခြေစမ်းပွဲ