ရှေ့သို့
Image

ဆဲလ်ဘတ်ကို အရေးနိမ့်ပြီးနောက် ဒါဝင်နူနက်ဇ်ကို ပိုအားပေးဖို့ ကလော့ပ်တောင်းဆို

10:02 AM, 29 July

ဆဲလ်ဘတ်အသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် လီဗာပူးနည်းပြ ကလော့ပ် အသင်းထံရောက်လာတဲ့ ဒါဝင်နူနက်ဇ်ကို ပရိသတ်တွေ အနေနဲ့ ပိုအားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အသက် ၂၃ နှစ်သားဟာ သြစတြီးယားကလပ်အသင်းနဲ့ခြေစမ်းပွဲရဲ့ပထမပိုင်းမှာ ပါဝင်ကစားပေးခဲ့ပြီး တိုက်စစ်ပိုင်းမှာ ကာလ်ဗယ်ဟိုနဲ့ အီလီယော့တ်တို့နဲ့အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ လီဗာပူးအသင်းဟာ လူအင်အားအပြည့်ပြောင်းလဲခဲ့ပြီး လာမယ့်ရာသီသစ်မှာ ဒါဝင်နူနက်ဇ်အနေနဲ့ အသင်းတိုက်စစ်ကိုဦးဆောင်ရဖွယ်ရှိနေပါတယ်။

လိုက်ပ်ဇစ်အသင်းနဲ့ပွဲမှာ ၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် ဆဲလ်ဘတ်အသင်းနဲ့ပွဲမှာ ခြေစွမ်းပျောက်ဆုံးခဲ့တာကြောင့် ကလော့ပ်က အသင်းဖော်တွေရဲ့အားပေးမှုလည်း လိုအပ်တယ်လို့ဆိုခဲ့ပါတယ်။

“ပထမပိုင်းမှာ ကျွန်တော်တို့အမှားတွေအများကြီးလုပ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့သလို ဂိုးသွင်းနိုင်မယ့်အခွင့်အရေးတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါဝင်က တစ်ယောက်တည်းအထီးကျန်သလိုဖြစ်နေပါတယ်။ အသင်းဖော်တွေအနေနဲ့ ဧရိယာထဲမှာရှိနေတဲ့ ဒါဝင်ဆီကို ဘောလုံးပေးပို့လိုအပ်ပါတယ်။ သူဂိုးသွင်းနိုင်မယ့်အခိုက်အတန့်တွေရှိခဲ့သလို သူ့ကိုထောက်ခံအားပေးဖို့လည်း လိုအပ်ပါတယ်။ ဒုတိယပိုင်းမှာဆိုရင် ဒါဝင်က ဧရိယာထဲမှာ တော်တော်လေးကောင်းခဲ့ပါတယ်”လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စနေနေ့မှာ ကွန်မြူနတီဖလားပြိုင်ပွဲကစားရမှာဖြစ်ပြီး အဲ့နောက် ဖူလ်ဟမ်နဲ့ပွဲမစခင် စထရာဘော့ဂျ်အသင်းနဲ့ နောက်ဆုံးခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။

#လီဗာပူး #ကလော့ပ် #ဆဲလ်ဘတ် #ဒါဝင်နူနက်ဇ် #ခြေစမ်းပွဲ