ရှေ့သို့
Image

ချဲလ်ဆီးမှာဆိုရင် ရော်နယ်ဒိုက လူကာကူထက် ပိုဆိုးလိမ့်မယ်လို့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း သုံးသပ်

2:46 PM, 28 July

ရော်နယ်ဒိုဟာ ချဲလ်ဆီးမှာ ကစားမယ်ဆိုရင် လူကာကူထက် အခြေအနေပိုဆိုးလိမ့်မယ်လို့ ချဲလ်ဆီးတောင်ပံ ကစားသမားဟောင်း ပက်နီဗင်က ဆိုလိုက်ပါတယ်။

လူကာကူဟာ မနှစ်နွေရာသီက ချဲလ်ဆီးအသင်းထံ ပြောင်းရွေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး အသင်းမှာ ပုံမှန် ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ လူကာကူဟာ မနှစ်ကချဲလ်ဆီးအသင်းအတွက် သွင်းဂိုး ၈ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ယခုနွေရာသီမှာတော့ သူဟာ အင်တာမီလန်အသင်းထံ ၂ ရာသီ အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွေ့သွားခဲ့ပါတယ်။

လူကာကူဟာ  ပုံမှန်ခြေစွမ်းရရှိဖို့ ကြိုးစားရုန်းကန်နေရတဲ့အပြင် အင်တာမီလန်အသင်းက မထွက်ခွာချင်ပဲ ထွက်ခွာခဲ့ရကြောင်း အီတလီမြေကို လွမ်းဆွတ်နေကြောင်း ပြောခဲ့တဲ့အတွက် နည်းပြတူချယ်နဲ့ ချဲလ်ဆီး ပရိတ်သတ်တွေက လူကာကူကို စိတ်ပျက်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ တိုက်စစ်အတွက် ချဲလ်ဆီးဟာ ရော်နယ်ဒိုကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားတာရှိပြီး ယူနိုက်တက် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့လို့ ရော်နယ်ဒိုကလည်း အသင်းက ထွက်ခွာချင်နေပြီး  ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းကို ပြောင်းရွေ့ချင်နေပါတယ်။

ရော်နယ်ဒိုက ယူနိုက်တက်နေ အငှားအဖြစ်ထွက်ခွာဖို့ရှိနေပြီး ချဲလ်ဆီးအသင်းကလည်း လူကာကူကို လက်လွှတ်ထားရတဲ့ အတွက် ၃၇ နှစ် အရွယ် တိုက်စစ်မှူးအတွက် လန်ဒန်အသင်းဟာ အံဝင် နိုင်ဖွယ်ရှိနေပါတယ်။ ချလ်ဆီးတောင်ပံ ကစားသမားဟောင်း ပက်နီဗင်ကတော့ ရော်နယ်ဒိုကို မခေါ်ယူဖို့ တိုက်တွန်းထားပြီး အသင်းဟာ သံသရာလည်နေမယ်လို့ BonusCodeBets မှာ ပြောကြားလိုက်ပါတယ်။

"ရော်နယ်ဒိုက လူကာကူ လောက်တောင် အသင်းမှာ အံမဝင်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ မနှစ်က အသင်းက လူကာကူကို ခေါ်ယူလိုက်တဲ့ အခါမှာ လူတွေက လူကာကူ အနေနဲ့ အသင်းနဲ့ ချိတ်ဆက်နိုင်မှု မရှိဘူးလို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ ကျွန်တော်ကတော့ တူချယ်အနေနဲ့ သူ့ရဲ့ ကစားချင်တဲ့ ပုံစံကို လူကာကူကြောင့် ပြောင်းလဲ ပစ်လိုက်ရတယ်လို့ ထင်ပါတယ်။ အဲ့လိုမဟုတ်ပဲ တူချယ်ကိုယ်တိုင် လိုလိုချင်ချင် ခေါ်ယူခဲ့တာဆိုရင်တော့ ကျွန်တော့အတွက် အဓိပ္ပါယ်မရှိပါဘူး"

"ရော်နယ်ဒိုက ဂိုးတွေ အများကြီး သွင်းယူပေးနိုင်ခဲ့သော်လည်းပဲ ၊ ဘောလုံးက ကိုယ့်အသင်းခြေထဲမှာ ရှိမနေတဲ့ အချိန်မှာ ကိုယ့်အသင်းက ၁၀ ယောက်ထဲနဲ့ ကစားနေရပါမယ်။ ပရီးမီးယားလိဂ်မှာ ဒီလိုလုပ်လို့မရဘူး အပြိုင်အဆိုင် ကစားနိုင်မှ ရပါမယ်" "အသင်းရဲ့ ပရိသတ်တချို့ကတော့ ရော်နယ်ဒိုကို ခေါ်စေချင်ပါလိမ့်မယ်။ ဒါပေမယ့် အသင်းမှာက ဒီအပိုင်းမှာ သံသရာလည်သလို ဖြစ်နေပါတယ်။ မန်စီးတီးကို စိန်ခေါ်နိုင်ဖို့ဆိုရင် အသင်းက ပြဿနာ တစ်ခုထဲအပေါ်မှာ လည်ထွက်နေလို့ မဖြစ်ပါဘူး" "တကယ်လို့ ရော်နယ်ဒိုအသင်းကို လာရောက် ကစားမယ်ဆိုလျှင် ပွဲတိုင်းကစားခွင့်ရမှာမဟုတ်ဘူးဆိုတာ သူ့ကို ပြောထားရပါမယ်။ ကစားခွင့် ရလျှင်လည်း ၄၅ မိနစ်ပဲ ကစားရပါမယ်။ အဲ့ဒီ မိနစ်အတွင်းမှာ အသင်းအပေါ် အစွမ်းကုန်ပေးဆပ်ကစားရပါမယ်။ သူသာ အဲ့လိုလုပ်မယ်ဆိုရင် ဒါ ကချဲလ်ဆီးအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်မှာပါ" လို့ နီဗင်က ဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #ရော်နယ်ဒို #လူကာကူ