ရှေ့သို့
Image

ဘိုင်ယန်မြူးနစ် ဗဟိုခံစစ်မှူးခရစ္စရစ်ချက်စ်ကို ခေါ်ယူနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

12:58 PM, 28 July

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်က ဘိုင်ယန်မြူးနစ်နောက်ခံလူ ခရစ္စရစ်ချက်စ်ကို ငါးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။

အသက်-၂၂ နှစ်အရွယ် အမေရိကန်လက်ရွေးစင်ဗဟိုခံစစ်မှူးက ၂၀၁၈ ခုနှစ်မှာ မေဂျာလိဂ်ကလပ် အက်ဖ်စီဒဲလ်လက်စ်မှ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဘွန်ဒက်စ်လီဂါပြိုင်ဘက် ဟော့ဖန်ဟိမ်းမှာ အငှားထွက်ကစားနေတာလည်း ဖြစ်ပါတယ်။

ပဲလေ့စ်နောက်ခံလူသစ် ရစ်ချက်စ်က “ကျွန်တော်က ပရီးမီးယားလိဂ်ကိုကြည့်ရင်း၊ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ကြည့်ရင်း ကြီးပြင်းလာခဲ့တာပါ။ ဒါကြောင့် ဒီက ကစားသမားတွေနဲ့အတူ ကွင်းထဲမှာ အချိန်အချို့ ကုန်ဆုံးသွားဖို့ အသင့်ရှိနေသလို ဒီသမိုင်းဝင်ကလပ်ရဲ့ တစိတ်တပိုင်းအဖြစ်ပါဝင်ခွင့်ရတာကလည်း အရမ်းကောင်းပါတယ်။ ဒါတွေက ကျွန်တော်ကို အရမ်းစိတ်လှုပ်ရှားစေခဲ့သလို မြင်ခဲ့ရတဲ့ အသင်းရဲ့ရှေ့လုပ်ငန်းစဉ် ပရောဂျက်ကလည်း  ကျွန်တော့်အပေါ် ဆွဲဆောင်ခဲ့ပါတယ်။ ဒီအသင်းမှာ တိုက်ပွဲဝင်ချင်စိတ်၊ တိုက်ပွဲဝင်လိုတဲ့စိတ်ပြင်းထန်တဲ့ လူငယ်ကစားသမားတွေ အများကြီးရှိပါတယ်။ ပဲလေ့စ်ဆိုတဲ့ ကလပ်အသင်းက အမြဲတမ်းယှဉ်ပြိုင်တိုက်ခိုက်ဖို့ အတွက် ရှေးရှုထားတဲ့ ကလပ်အသင်းတစ်ခု ဖြစ်ပါတယ်”လို့ ခရစ္စတယ်ပဲလေ့စ်အသင်း ဝက်ဆိုဒ်မှတဆင့် ပြောဆိုသွားပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်က “ရစ်ချက်စ်က အလွန်ထူးချွန်တဲ့လူငယ်ကစားသမားတစ်ဦးပါ။ ဒီအသက်အရွယ်မှာတင် မြင့်မားတဲ့အဆင့်တစ်ခုမှာ အတွေ့အကြုံကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့အပြင် အမေရိကန်လက်ရွေးစင်အသင်းအတွက်လည်း တကယ်အားကိုးရတဲ့ကစားသမားကောင်းတစ်ယောက်အဖြစ် သက်သေပြခဲ့ပါတယ်။

မနေ့တုန်းက သူရဲ့မိသားစုနဲ့အတူ ရစ်ချက်စ်ကို စကားပြောဆိုခွင့်ရခဲ့တာ အရမ်းပျော်ရွှင်ရပါတယ်။ သူက ကလပ်ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်လာဖို့ ကျွန်တော်အာမခံသလို အသင်းအတွက်လည်း သူက တကယ့်ကို အံ့ဝင်ခွင်ကျဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြိုင်ဆိုင်မှုတွေကပဲ သူကို အသင်းမှာ အံဝင်လာစေဖို့ မောင်းနှင်ပေးပါလိမ့်မယ်”လို့ ပြောဆိုသွားပါတယ်။

#ခရစ္စတယ်ပဲလေ့စ် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ရစ်ချက်