ရှေ့သို့
Image

ခြေစမ်းပွဲ ကစားပြီးနောက် ဒီမာရီယာကို ချီးကျူးပြီး ဘာစီလိုနာ ပြန်လာပြီလို့ ပြောလိုက်တဲ့ အယ်လီဂရီ

9:04 AM, 28 July

ဘာစီလိုနာနှင့် ၂-၂ ဂိုးသရေကျခဲ့တဲ့ ခြေစမ်းမှာ ခြေစွမ်းပြသခဲ့တဲ့ ကစားသမားအသစ် ဒီမာရီယာကို ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇာဗီရဲ့လက်အောက်တွင် အပြောင်းအရွေ့ ဈေးကွက်မှာ ကစားသမားအသစ်များ ခေါ်ယူဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆုဖလားအတွက် ပြိုင်ဆိုင်ဖို့ ဘာစီလိုနာက ပြန်လာနေပြီဖြစ်ကြောင်းကိုလည်း အယ်လီဂရီက သတိပေးပြောကြားလိုက်ပါတယ်။

သရေကျခဲ့တဲ့ပွဲမှာ ဒမ်ဘီလီနှင့် မွိုက်စ်ကိန်းတို့ဟာ သက်ဆိုင်ရာအသင်းများအတွက် ၂ ဂိုးစီ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး အထူးသဖြင့် ပထမပိုင်းမှာ ဒီမာရီယာက ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးနောက်မှာတော့ ပီအက်စ်ဂျီနှင့် ကစားခဲ့တဲ့ ၇နှစ်တာ ကာလအတွင်း လီဂူးဝမ်းဆုဖလား ၅ ကြိမ် ရရှိကာ ဒီလအစောပိုင်းကမှ တူရင်သို့ အလွတ်ပြောင်းရွေ့ကြေးဖြင့် ရောက်လာတဲ့ အာဂျင်တီနားသား ဒီမာရီယာနှင့်ပတ်သက်ပြိး အယ်လီဂရီက ပြောဆိုထားတာဖြစ်ပါတယ်။

"ဒီမာရီယာက ထူးခြားတဲ့ကစားသမားပါ၊ သူဟာ ချန်ပီယံဖြစ်ပြီး သူ့ရဲ့ကစားပုံကိုမြင်တွေ့ရတာက သဘောကျဖို့ကောင်းပါတယ်။ ကျွန်တော့်အတွက်ကတော့ ကောင်းမွန်တဲ့ ကစားသမားခေါ်ယူမှုပဲဖြစ်ပါတယ်" လို့ အယ်လီဂရီက ပြောပါတယ်။

ဂျူဗင်တပ်စ်ဟာ လီဝန်ဒေါ့စကီး၊ ကက်ဆီ၊ ခရစ္စတီယန်ဆန်တို့ ကစားသမားအသစ်များအဖြစ် ခေါ်ယူထားတဲ့ ဘာစီလိုနာနှင့်ပွဲမှာ ခက်ခက်ခဲခဲကစားခဲ့ရတာဖြစ်ပြီး ဇာဗီရဲ့အသင်းဟာ ဂိုးရရှိရန် ကြိုးစားမှု အကြိမ် ၂၀နှင့် ဘောလုံးပိုင်ဆိုင်မှု ၅၈ % အထိရှိခဲ့တာဖြစ်ပါတယ်။ အခုလို ထိပ်တန်းအသင်းနှင့် ကစားတဲ့ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းကို အယ်လီဂရီက သဘောကျနေပြီး ဆုဖလားတွေ ရရှိဖို့အတွက် ဘာစီလိုနာက ရှိနေပါပြီလို့ သတိပေးပြောကြားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

"ဒီညမှာ ကျွန်တော်တို့က အရေးပါတဲ့အသင်း တစ်သင်းနှင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာပါ" "ပေးခဲ့တဲ့ ၂ ဂိုးအတွက်လည်း ကျွန်တော်တို့က အကောင်းဆုံး လုပ်ခဲ့တယ်ဆိုတာ သံသယမရှိပါဘူး။ အသင်းက ဂိုးသွင်းခွင့် အများကြီး ရရှိခဲ့သော်လည်း ရလဒ်နှင့်ပတ်သက်ပြီး ကျေနပ်မိပါတယ်။ ဒီညမှာ ကျွန်တော်တို့အသင်းက အကောင်းဆုံးကို လုပ်နိုင်ခဲ့တာပါ" "ဆုဖလားတွေပြန်လည်ရယူဖို့အတွက် ဘာစီလိုနာက ပြန်လာနေပြီဆိုတာကိုတော့ သတိထားရမှာဖြစ်ပါတယ်" လို့ အယ်လီဂရီက ပြောပါတယ်။

ဂျူဗင်တပ်ဟာ ယူအက်စ်ခရီးစဉ်မှာ ရီးရဲလ်မက်ဒရစ်နှင့် တနင်္ဂနွေနေ့မှာ ကစားမှာဖြစ်ပြီး နောက်ဆုံးပွဲစဉ် အစ္စရေးမှာ အက်သလက်တီကိုမက်ဒရစ်နှင့် ကစားမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဒီမာရီယာ #အယ်လီဂရီ #ခြေစမ်းပွဲ