ရှေ့သို့
Image

တန်ဟက် လက်အောက်မှာ ယူနိုက်တက်အသင်း အောင်မြင်မှုရနိုင်ဖို့ ဖရက်ဒ် မျှော်လင့်နေ

12:46 PM, 27 July

ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်က နည်းပြသစ် တန်ဟက်ဟာ အသင်းကို ကြီးမားတဲ့ အသင်းမျိုးဖြစ်အောင် တည်ဆောက်နေတယ်လို့ ယုံကြည်နေပြီး ယခုရာသီအောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

တန်ဟက်လက်အောက်မှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲမှာတော့ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ဗီလာအသင်းနဲ့ပွဲမှာတော့ ၂ - ၂ သရေသာ ကန်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အခြေအနေဆိုးဝါးခဲ့ပေမယ့်လည်း ရာသီကြိုခြေစမ်းပွဲအဖြစ် လီဗာပူးအသင်းနဲ့ပွဲမှာတော့ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်ဟာ တန်ဟက်လက်အောက်မှာ ရာသီကြိုခြေစမ်းပွဲ ၄ ပွဲစလုံးပါဝင်ကစားခွင့်ရရှိထားပြီး အသင်းရဲ့ လုပ်အားနှုန်းကိုလည်း ချီးကျူးခဲ့ပါတယ်။

“အသင်းစိတ်ဓာတ်ပိုင်းကပိုပြီးတော့ တောင့်တင်းလာတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ အလုပ်ကြိုးစားခဲ့ကြပြီး လိဂ်စတင်ချိန်မှာ အကောင်းဆုံး အနေအထားတစ်ရပ်ရှိနေမယ်လို့ထင်ပါတယ်။ ကြီးမားတဲ့ အရာတစ်ခု တည်ဆောက်နေတာပါ။ လာမယ့်ရာသီမှာ အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ အသင်းမှာ အရည်အချင်းပြည့်ဝတဲ့လူငယ်တွေ အများကြီးရှိနေပါတယ်။ နည်းပြကလည်း သဘောကျနှစ်ခြိုက်ပါတယ်။ ရာသီကြိုခြေစမ်းပွဲမှာ လေ့ကျင့်ခန်းဆင်းခွင့်ရရှိပြီး သူတို့က ကျွန်တော်တို့ကိုကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စီနီယာကစားသမားတွေကလည်း သူတို့အထိုင်ကျအောင် ကူညီပေးနိုင်ပါလိမ့်မယ်”လို့ ဖရက်ဒ်က ပြောကြားခဲ့ပါတယ်။

ဖရက်ဒ်က လာမယ့်ရာသီမှာလည်း လွတ်လွတ်လပ်လပ်နဲ့ ဂိုးတွေ သွင်းယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ “ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော် ရန်နစ်လက်အောက်မှာတုန်းက လွတ်လွတ်လပ်လပ်ကစားခွင့်ရရှိခဲ့ပြီး ဂိုးသွင်းခွင့် နဲ့ ဂိုးဖန်တီးမှုတွေ ရရှိခဲ့ပါတယ်။ အဲရစ်ကလည်း အဲ့လိုမျိုးပဲ ကျွန်တော့်ကိုကစားခွင့်ပေးမယ်လို့ ထင်ပါတယ်။ သွင်းဂိုးရရှိရေးထက် အသင်းကိုကူညီပေးဖို့က အရေးအကြီးဆုံးပါ”လို့ ဖရက်ဒ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ဖရက်ဒ်