ရှေ့သို့
Image

ဝေးလ်ကြယ်ပွင့်ကွင်းလယ်လူ အာရွန်ရမ်ဆေးနဲ့ စာချုပ်ရပ်ဆိုင်းလိုက်တဲ့ ဂျူဗင်တပ်စ်

10:15 AM, 27 July

တူရင်မြို့မှာ ခက်ခက်ခဲခဲအခြေအနေတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ဂျူဗင်တပ်စ်က ဝေးလ်ကြယ်ပွင့်ကွင်းလယ်လူ အာရွန်ရမ်ဆေးရဲ့ စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။


အီတလီထိပ်သီးကလပ်က ဒီသတင်းကို Twitter လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


တူရင်မြို့ဒေသခံကလပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “ အာရွန်ရမ်ဆေးနဲ့ ဂျူဗင်တပ်စ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ကို တရားဝင်ရပ်ဆိုင်းလိုက်ပါပြီ။ ကံကောင်းပါစေ၊ ရမ်ဆေးရေ”လို့ ဖော်ပြခဲ့ပါတယ်။


Sportsmail သတင်းဌာနရဲ့အဆိုအရ ဂျူဗင်တပ်စ်ကနေ စာချုပ်ဖျက်သိမ်းကြေးနဲ့ထွက်ခွာလာတဲ့ ရမ်ဆေးက သူရဲ့ကစားသမားအနာဂတ်အတွက် အသင်းသစ်တွေ ရွေးချယ်အခြေချနိုင်မယ့် အခွင့်အရေးတစ်ခုရှိနေတယ်လို့ သိရပါတယ်။


ဖြစ်နိုင်ချေများတဲ့ ကောလဟာလတစ်ခုကတော့ ရမ်ဆေးက အီတလီမြေမှာပဲ ဆက်နေပြီး ဘာလူစကူနီ ဦးဆောင်နေတဲ့ တန်းတက် မွန်ဇာကလပ်အသင်းဆီကို  ပြောင်းရွှေ့သွားဖို့ ရှိတယ်ဆိုတာပါပဲ။ အငြင်းပွားဖွယ် အီတလီနိုင်ငံရေးသမားကြီးက သူရဲ့အသင်းဆီ ကြယ်ပွင့်ကစားသမားတစ်ဦး ခေါ်ယူဖွယ်ရှိနေပြီး ဒီနေရာသစ်က အာဆင်နယ်ကစားသမားဟောင်းအတွက် ပြည့်စုံတဲ့အခန်းကဏ္ဍသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။


ဒါ့အပြင် ရမ်ဆေးက တူရကီမြေဆီ ခရီးဆက်နိုင်မယ့် အခွင့်အရေးတစ်ခုရှိနေပြီး အသင်းဖော်ဟောင်း ပီယာလို ကိုင်တွယ်နေတဲ့ Karagumruk ဆီ ပြောင်းရွှေ့နိုင်သလို တူရကီထိပ်သီးကလပ် ဂါလာတာစာရေးကလည်း သူ့ကို စိတ်ဝင်စားနိုင်တယ်လို့ ယူဆရပါတယ်။


ဒါမှမဟုတ်လည်း သူရဲ့သူငယ်ချင်း ဂါရတ်ဘေးလ်ရှိတဲ့ မေဂျာလိဂ်ဆီ ထွက်ခွာသွားဖွယ်လည်း ရှိနေပါတယ်။ အမေရိကန်ကလပ်အသင်းတွေကတော့ ရမ်ဆေးရဲ့ခြေစွမ်းအပေါ် စောင့်ကြည့်ချင်ကြမှာပဲ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ်မှာ တစ်ပတ်လုပ်ခ ပေါင် ၄၀၀,၀၀၀ ရရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ခြင်းက သူ့ကို စီးရီးအေမှာပဲ ဆက်လက်တောက်ပလိမ့်မယ်လို့ ကလပ်အသင်းဘက်က မျှော်လင့်ခဲ့တာပါ။


ဒါပေမယ့်လည်း ရမ်ဆေးက သူရဲ့လစာနဲ့ထိုက်တန်ကြောင်းပြသဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၉ ခုနှစ် တူရင်မြို့ဆီ ရောက်ရှိလာချိန်ကတည်းက  အသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲကစား၊ ၅ ဂိုးသွင်းယူခဲ့ပါတယ်။


ဒီနှစ်ဇန်နဝါရီလမှာတော့ ရမ်ဆေးက စကော့တလန်ကလပ် ရိန်းဂျားစ်ဆီ ရာသီကုန်အထိအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၇ ပွဲကစား၊ ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ရာသီကုန်ကာလမှာတော့ ဂျူဗင်တပ်စ်ဆီပဲ ပြန်လာခဲ့တာပါ။


ဒါပေမယ့် အီတလီကလပ်ကတော့ Allianz ကွင်းကြီးထဲမှာ သူရဲ့အနာဂတ်မရှိတော့ဘူးလို့ အတည်ပြုထုတ်ပြန်ပြီး စာချုပ်ကို ရပ်ဆိုင်းလိုက်ပါတယ်။

#ဂျူဗင်တပ်စ် #ရမ်ဆေး