ရှေ့သို့
Image

အပြောင်းအရွှေ့ နည်းစနစ် အသစ်နဲ့ ပတ်သက်ပြီး အာတီတာကို ကတိပေးလိုက်တဲ့ အီဒူး

10:04 AM, 26 July

အာဆင်နယ် နည်းစနစ် ဒါရိုက်တာ အီဒူးက သူဟာ အာတီတာထံကနေ ခွင့်ပြုချက်မရတဲ့ ဘယ်ကစားသမားကို မဆို ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ကတိပြုလိုက်ပါတယ်။ ၂ ဦးစလုံးဟာ အာဆင်နယ် ကွင်းလယ် လူဟောင်းတွေ ဖြစ်ပြီး ၂၀၁၉ ကတည်းက လက်တွဲခဲ့ကြတာ ဖြစ်ကာ အပြောင်းအရွှေ့ တစ်လျှောက် အကောင်းဆုံး ခေါ်ယူမှုတွေ လုပ်ဆောင်နေပါတယ်။


လက်ရှိ နွေရာသီအပြောင်းအရွှေ့မှာလည်း အာဆင်နယ်ဟာ ဂျီးဆပ်စ် ၊ ဇင်ချန်ကို ၊ ဗီအဲရာ ၊ မာကွင်ဟို့စ် နဲ့ တာနာတို့ကို ခေါ်ယူထားခဲ့ပါတယ်။ အီဒူးကတော့ သူဟာ အာတီတာရဲ့ အတည်ပြုချက် မရတဲ့သူကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အာတီတာ အဆင်မပြေမယ့် ကစားသမားကို ဘယ်တော့မှ ခေါ်ယူမှာ မဟုတ်ပါဘူး။ အဲ့တာက ကျွန်တော့် စတိုင်လည်း မဟုတ်သလို အာဆင်နယ် စတိုင်လည်း မဟုတ်ပါဘူး။


ဆုံးဖြတ်ချက် ချမယ်ဆိုရင် ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ပါတယ်။ အာဆင်နယ် ခေါ်ယူမှုတွေမှာ အာတီတာက အရေးအကြီးဆုံးပါ”လို့ အီဒူးက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ရာသီ နောက်ဆုံးပွဲတွေမှာ ခြေစွမ်း ကျဆင်းခဲ့ကာ မြို့ခံ ပြိုင်ဘက် တော့တင်ဟမ် အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် လက်လွှဲ ပေးခဲ့ရပါတယ်။


“ကျွန်တော် အမြဲပြောသလို တစ်ခါတလေမှာ ကျွန်တော်နဲ့ အာတီတာ တစ်ဦးဦးကို ချီးကျူးချင် ချီးကျူး ကြပါလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်ကို ချီးကျူးရမှာပါ။ ကျွန်တော်တို့က အာဆင်နယ်ပါ။ ကျွန်တော်တို့ အတူတကွလုပ်ဆောင်နေတာပါ။ ဆုံးဖြတ်ချက်လည်း အတူတူချကြပါတယ်။ အသင်းမှာရှိတဲ့သူတိုင်း ဆုံးဖြတ်ချက် ချကြတာပါ”လို့ အီဒူးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာတီတာ #အီဒူး #အာဆင်နယ် #ဗီအဲရာ #ဂျီးဆပ် #မာကွင်ဟို့စ်