ရှေ့သို့
Image

လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ထပ်ကြိုးစားမယ်လို့ ဆိုလိုက်တဲ့ မာရက်ဇ်

2:54 PM, 25 July

မန်ချက်စတာစီးတီးကြယ်ပွင့် မာရက်ဇ်က ၂၀၂၂-၂၀၂၃ဘောလုံးရာသီသစ် ပရီးမီးယားလိဂ်ချန်ပီယံဆုပြေးလမ်းနဲ့ ပတ်သက်ပြီး ပြိုင်ဘက်တွေဆီ သတိပေးချက်တစ်ခု ပေးပို့လိုက်ပါတယ်။

မာရက်ဇ်က ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအတွက် လိဂ်ပွဲ ၂၈ ပွဲကစား၊ ၁၁ ဂိုးသွင်း၊ ၅ ကြိမ် ဂိုးဖန်တီးပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့ဘောလုံးရာသီငါးခုမှာ မန်စီးတီးက ပရီမီးယားလိဂ် ချန်ပီယံဆုကို လေးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ကာ လီဗာပူးတစ်သင်းတည်းကသာ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အင်္ဂလန်ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ မန်စီးတီးနဲ့ ပုခုံးချင်းယှဉ်နိုင်သော အသင်းအဖြစ် သက်သေပြထားနိုင်ပါတယ်။

စီးတီးနည်းပြဂွါဒီယိုလာကတော့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့ လိဒ်ကွင်းလယ်လူ ဖီးလစ်စ်တို့ကို ခေါ်ယူပြီး ရာသီသစ်မစတင်မီ သူရဲ့အသင်းကို အပြောင်းအလဲတွေ လုပ်ထားတာပါ။ အသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ စတာလင်တို့ကတော့ အာဆင်နယ်နဲ့ ချဲလ်ဆီးဆီ အသီးသီးပြောင်းရွှေ့သွားပါတယ်။ မန်စီးတီးအတွက် ၁၈၉ ပွဲကစား၊ ၆၃ ဂိုးသွင်းယူပေးခဲ့တဲ့ အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားက အသင်းအနေနဲ့ နောက်တစ်ကြိမ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မယ်လို့ ခံစားမိတဲ့အကြောင်း ထုတ်ပြောလာပါတယ်။

“ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို နောက်တစ်ကြိမ်အနိုင်ရချင်ပါတယ်။ ရာသီသစ်စတင်လာရင်လည်း  ကျွန်တော်တို့  အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ထပ်သွားချင်နေမှာပါ။ ဒါက စိတ်ဓါတ်လှုံ့ဆော်မှုကြီးပဲ။ ဒီနှစ်တော့ လွယ်ကူမှာပဲ၊ ငါတို့ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်သွားနိုင်မှာပဲလို့တော့ ကျွန်တော်တို့ ဘယ်တော့မှ တွေးလေ့မရှိပါဘူး။ ကျွန်တော်တို့ စမှတ်ကနေပဲ ရာနှုန်းပြည့် အာရုံစိုက်ရှေ့ဆက်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပွဲတွေကို အနိုင်ရချင်သလို ဒီလိုစိတ်ဓါတ်ပိုင်းနဲ့ တည်ဆောက်ထားလို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ ဗီလာနဲ့ နောက်ဆုံး ပွဲစဉ်မှာလည်း ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားရပြီး နှစ်ဂိုးပြတ်ရှုံးနိမ့်နေချိန်မှာ ‘ဟာ! တကယ့် ငရဲပဲကွာ။ ငါတို့ဘာလုပ်နေတာလဲ?’ လို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ တခါတလေ ပွဲထဲမှာ ကိုယ့်ရဲ့ခြေစွမ်းမကောင်းဘူးလို့ ခံစားမိလေ့ရှိတယ်။ ကျွန်တော်လည်း အဲ့ဒီနေ့ကပွဲစဉ်မှာ ခြေစွမ်းမကောင်းဘူးလို့ ခံစားမိပါတယ်။ ဒီအချိန်မှာပဲ အခြားကစားသမားတွေ ဝင်လာပြီး ကျွန်တော်တို့အသင်း အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။ ဒါကပဲ မန်စီးတီးက ဘယ်လိုအသင်းဆိုတာလဲ ပြသခဲ့တာပါ”လို့ မာရက်ဇ်က ပြောခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ မန်စီးတီးက ပရီးမီးယားလိဂ်ရာသီကြိုအဖြစ် ကွန်မြူနတီဒိုင်းပွဲစဉ်ကို လီဗာပူးနဲ့ ရင်ဆိုင်ကစားရဖို့ ရှိပါတယ်။
#မန်စီးတီး #မာရက်ဇ်