ရှေ့သို့
Image

ပက်ဂွါဒီယိုလာ ခေတ်မတိုင်မီ မန်စီးတီးအသင်း ကစားသမားဖြစ်ခဲ့ဖူးသူ ဒီဘရိုင်း တစ်ဦးတည်းသာ ကျန်ရှိ

1:25 PM, 25 July

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် စတာလင်နှင့် ဖာနန်ဒင်ဟိုတို့ အယ်လ်တီဟတ်ကလပ်မှ ထွက်ခွာသွားမှုမှာ မန်စီးတီးအတွက် ပက်ဂွါဒီယိုလာခေတ်မတိုင်မီ အသင်းကစားသမားဖြစ်ခဲ့ဖူးသူ ဒီဘရိုင်း တစ်ဦးတည်းသာ ကျန်ရှိစေခဲ့သည်။

ပက်ဂွါဒီယိုလာကမူ ဒီဘရိုင်း၏ ကွင်းတွင်းစွမ်းဆောင်ရည်များအပြင် အသင်းအဝတ်လဲခန်းအတွင်း အပြုအမူများအတွက် သဘောကျနှစ်သက်နေဆဲ ဖြစ်သည်။ ထို့ပြင် အတွေ့အကြုံရင့်ဘယ်ဂျီယံလ်ကွင်းလယ်လူ သည် ပတ်ဝန်းကျင်သစ်မှာ အခြေကျနိုင်ရေးအတွက် အကူအညီပေးနိုင်မည့် အဓိကအကျဆုံးပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်ဟု ပက်ဂွါဒီယိုလာက အသင်းတိုက်စစ်မှူးသစ် ဟာလန်းကို ပြောပြခဲ့ဖူးသည်။ ယခုလိုအခွင့်အလမ်းများကြောင့် မန်စီးတီးနှင့် စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေသေးသော အသက်-၃၁ နှစ် အရွယ်ကြယ်ပွင့်ကို အယ်တီဟတ်ကွင်း၌ ဆက်လက်မြင်တွေ့ရဖို့လည်း ရှိနေသည်။

ဒီဘရိုင်းက “ဟုတ်ပါတယ်။ ပက်ဂွါဒီယိုလာမတိုင်မီ နည်းပြဟောင်းပယ်လီဂရီနီလက်ထက် မန်စီးတီးအသင်း ကစားသမားတွေစုပေါင်းရိုက်ကူးထားတဲ့ ဓါတ်ပုံကို ကျွန်တော်တွေ့ပါတယ်။ ဒီဓါတ်ပုံက  အခုအချိန်မှာ ကျွန်တော် အိုမင်းနေပြီဆိုတာကို ပြသနေပါတယ်။ အဲ့ဒါက တခါတလေမှာ ဒီလိုပါပဲ။ ဒါပေမယ့် ကျွန်တော်က ဒီကလပ်မှာ ၇ နှစ်ကြာခဲ့ပါပြီ။ ပက်ကလည်း ဒီကလပ်မှာ ၆ နှစ်ရှိခဲ့တာပေါ့။ ဒီနေ့ဘောလုံးလောကမှာတော့ ဒါတွေက တော်တော်ရှည်လျားတဲ့ အချိန်ကာလတွေပါပဲ။ ဒါပေမယ့် ကျွန်တော် ဒီကလပ်မှာ လုပ်နေတဲ့အရာတွေနဲ့အတူ အရမ်းပျော်ရွှင်နေသလို ဒီကလပ်အသင်းကလည်း ကျွန်တော်နဲ့အတူ ပျော်ရွှင်နေမယ်လို့ မျှော်လင့်မိပါတယ်။ ပက်ဂွါဒီယိုလာ မန်စီးတီးကိုရောက်လာပြီးချိန်ကတည်းက အရာရာတိုင်း အများကြီးပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် ဓါတ်ပုံထဲမှာ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တာကို မြင်ရတာတော့ ရယ်ဖို့ကောင်းပါတယ်”ဟု ပြောဆိုခဲ့သည်။

ဂွါဒီယိုလာက ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းကို ပြုပြင်ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ထားသည်။ ပက်က စတာလင်၊ ဂျီးဆပ်စ်၊ ဇင်ချန်ကိုကဲ့သို့ စီနီယာကစားသမားများကို အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ပြီး ဟာလန်း၊ ကယ်လ်ဗင်ဖီးလစ်စ်နှင့် ဂျူလီယန်အဲလ်ဗာရက်ဇ်တို့ကို ပြန်လည်ခေါ်ယူခဲ့သည်။

“ဒီနှစ်မှာတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ ကစားသမားအချို့ ထွက်ခွာသွားကြလို့ တော်တော်စိတ်မကောင်းဖြစ်မိပေမယ့် ကျွန်တော် သူတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ဒါတွေက ဘောလုံးလောကမှာ မကြာခဏဖြစ်လေ့ရှိတဲ့အရာတွေလို့ ကျွန်တော်နားလည်ထားပေမယ့် အခြားတဖက်မှာတော့ သူတို့ထွက်ခွာသွားတာကို မြင်တွေ့ရတာ ဝမ်းနည်းမိပါတယ်။ တခါတရံမှာ အသင်းတစ်ခုက တစ်စုတစ်စည်းတည်း ရှိတာကောင်းပေမယ့် တခါတရံမှာတော့ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေအားလုံးက ပြီးခဲ့တဲ့ရာသီကုန်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ ဒီအသင်းနဲ့အတူ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အတိတ်ကာလတွေတုန်းကလည်း မျက်နှာသစ်ကစားသမားတွေ ဝင်လာခဲ့ပြီး အခြားသူတွေ ထွက်ခွာသွားကြတာ ရှိခဲ့ပေမယ့် ဆုဖလားတွေ အနိုင်ရဖို့ နည်းလမ်းကို ကျွန်တော်တို့ ရှာဖွေနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း ကျွန်တော်တို့ ဒီပုံစံအတိုင်း လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဒီဘရိုင်းက ဆက်လက်ပြောဆိုသည်။

#မန်စီးတီး #ဒီဘရိုင်း #ဂွါဒီယိုလာ