ရှေ့သို့
Image

စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချကာ ချဲလ်ဆီးဆီ ပြောင်းသွားတဲ့ ကူလီဘာလေလို့ နာပိုလီဥက္ကဋ္ဌ ထုတ်ပြော

11:15 AM, 25 July

အသင်း နောက်ခံ လူဟောင်း ကူလီဘာလေအနေနဲ့ ချဲလ်ဆီးဆီ မပြောင်းရွှေ့မီ နာပိုလီမှာ ဆက်ရှိနေဖို့ စွဲမက်လောက်ဖွယ် ငါးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ပယ်ချခဲ့တယ်လို့ နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တီစ်က ထုတ်ပြောလာပါတယ်။ အခုလအစောပိုင်းမှာပဲ ကူလီဘာလေက ပြောင်းရွှေ့ကြေး ပေါင် ၃၃ သန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုကာ စတမ်းဖို့ဘရစ်ချ် ကလပ်ဆီ ပြောင်းရွှေ့လာခဲ့ပြီး မနေ့က အမေရိကန်မြေမှာ အာဆင်နယ်ကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာတော့ ပါဝင်ကစားခဲ့ပါတယ်။


ကူလီဘာလေက အနောက်လန်ဒန် ကလပ်ဆီ မပြောင်းရွှေ့မီကတည်းက ကမ္ဘာ့အဆင့် နောက်ခံလူတစ်ဦးအဖြစ် ထင်ပေါ်လာသူ တစ်ဦးဖြစ်သလို ဒီနှစ်အစောပိုင်းမှာ ကျင်းပတဲ့ အာဖရိက နိုင်ငံများ ဖလားကို ဆီနီဂေါနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Radio Kiss Kiss Napoli သတင်းဌာနဲ့ တွေ့ဆုံချိန် ဒီလော်ရန်တီစ်က “ ကူလီဘာလေက သူ့မှာ ဘောလုံးကစားဖို့ နှစ် အနည်းငယ်လောက်ပဲ ကျန်တော့တယ်လို့ ကျွန်တော့်ဆီ ပြောပြလာချိန်မှာတော့ ကျွန်တော် သူ့ကို ထွက်ခွာခွင့်ပြုလိုက်တာပါ။


ကျွန်တော်ကလည်း သူ့ကို ဘာစီလိုနာဆီ မသွားဖို့ အကြံပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာမှာ ပိုက်ဆံမရှိဘဲ ဒုက္ခပတ်လည် ဝိုင်းနေလို့ပါ” လို့ ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာက ဒီနွေရာသီ အပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး၊ ရာဖင်ဟာတို့လို ကစားသမားတွေကို ပြောင်းရွှေ့ကြေး ပမာဏ ကြီးကြီးမားမားနဲ့ ခေါ်ယူခဲ့ပေမယ့် သူတို့မှာ ဘဏ္ဍာရေး ပြဿနာနဲ့ရင်ဆိုင်နေရသလို အကြွေးကလည်း ပေါင် ၁ ဘီလျံအထိ ရှိနေပါတယ်။


ဒီလော်ရန်တီစ်က “ ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးက ရှေ့ထွက်လာခဲ့ပြီး ဒီအပေါ်မှာတော့ ကျွန်တော်တို့ ငြင်းပယ် င်စွမ်း မရှိပါဘူး။ တစ်လခွဲလောက် အချိန် အတောအတွင်းမှာပဲ ကူလီဘာလေအတွက် ကျွန်တော်က တစ်ရာသီ လုပ်ခကြေးငွေ ပေါင် ၅.၅ သန်းနဲ့ စုစုပေါင်း စာချုပ်တန်ကြေး ပေါင် ၅၁ သန်းတန် ငါးနှစ်စာချုပ်ကို ကမ်းလှမ်းခဲ့ပါသေးတယ်။


ဒါပေမယ့် ပရီးမီးယားလိဂ်လို ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုက ချဲလ်ဆီးလို အစဉ်အလာကြီးမားတဲ့ ကလပ် အသင်း တစ်ခုဆီ နောက်ထပ် အတွေ့အကြုံသစ် အတွက် ကစားသမား တစ်ယောက်က သွားချင်နေတယ်ဆိုရင် ဒီကစားသမားက ဝမ်းသာနေမှာ ဖြစ်သလို ငြင်းပယ်မှု တစ်ခုနောက်မှာ ဒီကစားသမားကို ဖုံးကွယ်ထားဖို့လည်း မဖြစ်နိုင်တော့ပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။ ချဲလ်ဆီးက လာမည့်ရာသီသစ်၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၆ ရက်မှာ အဲဗာတန်နဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားဖို့ ရှိပါတယ်။

#ချဲလ်ဆီး #နာပိုလီ #အပြောင်းအရွှေ့ #ကူလီဘာလေ #ဒီလော်ရန်တီစ်