ရှေ့သို့
Image

အာဆင်နယ် အသင်းဖော်သစ် ဗီအဲရာကို အကြံပေးလိုက်တဲ့ ဆစ်ဒရစ်

10:31 AM, 23 July

အာဆင်နယ်အသင်းညာနောက်ခံလူ ဆစ်ဒရစ်က အသင်းဖော်သစ် ဗီအဲရာတစ်ယောက် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု မရှိပေမယ့် ပရီးမီးယားလိဂ်မှာဆက်လက်ရှင်သန်နိုင်ဖို့ ဘောလုံးဉာဏ်ရည်ကို အသုံးပြုနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ အခုနွေရာသီအစောပိုင်းတုန်းက ပေါ်တိုစတား ဗီအဲရာကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ဗီအဲရာဟာ နိုင်ငံအသင်းနဲ့အတူ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့ရာသီကြိုခြေစမ်းပွဲ ၃ ပွဲကို လွဲချော်ခဲ့ပါတယ်။

အသက် ၂၁ နှစ်သားဟာ အခုအပတ်တုန်းက စီနီယာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ပြီး အခုအပတ်မှာကစားမယ့် ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ သူ့ရဲ့အရည်အချင်းက သံသယမဖြစ်ဖွယ်ရှိပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ပရီးမီးယားလိဂ်မှာတော့ ရုန်းကန်ရနိုင်တာဖြစ်ပါတယ်။ ဗီအဲရာရဲ့ အသင်းဖော် ဆစ်ဒရစ်က ပတ်ဝန်းကျင်အသစ်မှာ လျင်လျင်မြန်မြန် အထိုင်ကျနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“သူ့မှာ ကျွန်တော်နဲ့တူညီတဲ့စိတ်ဓာတ်မျိုးရှိနေပါတယ်။ ကျွန်တော် သူအထိုင်ကျအောင် ကူညီနေပါတယ်။ ဖေဘီယိုက ကျွန်တော့်ပေါ်တူဂီမှာ မြင်ကတည်းက ဉာဏ်ကောင်းတဲ့သူဆိုတာ သိပါတယ်။ သူနဲ့ တွဲမကစားရသေးပေမယ့် သူ့စွမ်းဆောင်ရည်ကိုမြင်ဖူးသားဖြစ်တာကြောင့် ရာသီကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ သူ့မှာ အရည်အချင်းကောင်းတွေ ရှိနေပါတယ်။ သူကနည်းစနစ်ပိုင်းကျွမ်းကျင်တဲ့သူပါ။ နောက်ဆုံး ပေးပို့မှုတွေမှာလည်း သူ့မှာ အမြင်ကောင်းတွေရှိပါတယ်။ ပရီမီးယားလိဂ်မှာ အလျင်အမြန်အထိုင်ကျမယ်ဆိုတာ ကျွန်တော် အသေအချာပြောရဲပါတယ်။ ပရီးမီးယားလိဂ်က ရုပ်ပိုင်းဆိုင်ရာအသားပေးပေမယ့် သူကဉာဏ်ကောင်းတဲ့ သူတစ်ဦးဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ အထိုင်ကျနိုင်ပါတယ်။ သူ့မှာ ရဲရင့်တဲ့အချက်ရှိသလို ဒုတိယအချက်က သူက အရမ်းဉာဏ်ကောင်းတဲ့သူပါ။ ငယ်ရွယ်သေးတဲ့အနေအထားမှာ ပရီးမီးယားလိဂ်မှာ ကြီးပြင်းလာနိုင်ပါတယ်။သူတစ်ခုခု လုပ်ဆောင်ပြပါလိမ့်မယ်”လို့ ဆစ်ဒရစ်က ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ဗီအဲရာ #ဆစ်ဒရစ်