ရှေ့သို့
Image

မင်နီဆိုတာကို ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် တန်းဆင်းဇုန် တိုက်ပွဲအကြောင်း အဲဗာတန်ကို သတိပေးလိုက်တဲ့ နည်းပြ လမ်းပတ်

3:29 PM, 21 July

ဒီနေ့မနက်ပိုင်း၊ အမေရိကန်မြေမှာ ကစားသွာတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ မင်နီဆိုတာယူနိုက်တက်ကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး အဲဗာတန်နည်းပြ လမ်းပတ်က အသင်းအနေနဲ့ နောက်ထပ်တန်းဆင်းဇုန် တိုက်ပွဲတစ်ခု ရင်ဆိုင်ရမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီသိမ်းခါနီးအထိ တန်းဆင်းဇုန်အန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့ အဲဗာတန်က ရာသီကုန်ဆုံးချိန်မှာတော့ အဆင့်(၁၆)ရရှိကာ တန်းဆင်းရမယ့် အန္တရာယ်ကနေ လွတ်ကင်းလာတာပါ။

ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာလည်း အသင်းရဲ့အဓိက တိုက်စစ်မှူး ရစ်ချာလီဆန်ကို လက်လွှတ်ဆုံးရှုံးထားရပေမယ့် အခုအချိန်ထိတော့ ကစားသမားသစ် အစားထိုးခေါ်ယူထားတာ မရှိသေးပါဘူး။ အခုရာသီကြို ခြေစမ်းပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာ အဲဗာတန်က အာဆင်နယ်၊ မင်နီဆိုတာယူနိုက်တက်တို့ကို ရှုံးနိမ့်ထားပြီး သွင်းဂိုးမရရှိသေးဘဲ ပေးဂိုး ခြောက်ဂိုးအထိ ရှိလာခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ နည်းပြလမ်းပတ်က “ကစားသမားတွေအနေနဲ့ အလုပ်လုပ်ရမှာဖြစ်သလို ပြီးခဲ့တဲ့ရာသီမှာ တန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာကို နားလည်ထားရပါမယ်။ ကျွန်တော်တို့ အသင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ အံ့အားသင့်ဖွယ်ညနဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲတွေ ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ ရာသီကုန်ဆုံးသွားပြီးတော့ ကျွန်တော့်အနေနဲ့ ဒါတွေကို အတိတ်မှာထားခဲ့သလို ကစားသမားတွေ အနေနဲ့လည်း အတိတ်မှာထားခဲ့ဖို့ လိုအပ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီတုန်းက တန်းမဆင်းချင်တဲ့ အကြောင်းပြချက်တစ်ခုအတွက် တန်းမဆင်းရရေး တိုက်ပွဲဝင်ခဲ့ရလို့ပါ။ အသင်းအနေနဲ့  ဒီလိုအခြေအနေမျိုး နောက်တစ်ကြိမ်လိုချင်မှာမဟုတ်လို့ ကစားသမားတွေအနေနဲ့ ပိုကောင်းဖို့ လိုအပ်သလို ကျွန်တော်လည်း ပိုကောင်းလာဖို့ လိုနေပါတယ်။ ကလပ်အသင်းတစ်ခုအဖြစ် မင်နီဆိုတာနဲ့ပွဲက အသင်းလူစာရင်းမှာ ကျွန်တော်တို့လုပ်ဖို့လိုနေတဲ့ အရာတွေကို ညွှန်ပြခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီညမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာထက် ပိုပြီး သန်မာတောင့်တင်းဖို့ လိုအပ်နေလို့ပါ။ အဝတ်လဲခန်းထဲက ကစားသမားတွေကလည်း အသင်းလိုက်အနေနဲ့ရော၊ တစ်ဦးချင်းအနေနဲ့ရော အရမ်းဆိုးရွားတဲ့ စွမ်းဆောင်ရည်မျိုးပြသခဲ့တယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ထို့ပြင် လမ်းပတ်က ရစ်ချာလီဆန်ထွက်ခွာပြီးနောက်ပိုင်း တိုက်စစ်ပိုင်းစွမ်းဆောင်ရည်အားနည်းနေမှုကိုလည်း သတိပေးပြောဆိုခဲ့သည်။

“ဒါနဲ့ပတ်သက်ပြီး သံသယရှိစရာ မလိုပါဘူး။ ပြီးခဲ့တဲ့နှစ် ကျွန်တော်တို့ရပ်တည်ခဲ့တဲ့နေရာကို မင်းတွေးကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့အသင်းမှာ ရစ်ချာလီဆန်လို ကစားသမားမျိုး ဆုံးရှုံးထားရတာကို သိရမှာပါ။ ကျွန်တော်တို့ သူ့အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။ ဒါပေမယ့် အခုကတော့ ကလပ်က ရှေ့ဆက်ရတော့မှာပါ။ ကျွန်တော်တို့အသင်း တိုက်စစ်ဧရိယာမှာ ဟာကွက်တစ်ခုရှိနေတာကို သိသလို တိုက်စစ်ကစားသမားလည်း ရှားပါးနေပါတယ်။ တစ်သင်းလုံးနဲ့ ပတ်သက်ရင် ကျွန်တော်အားဖြည့်ချင်တဲ့ နေရာတွေ ရှိပါသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဗာတန်လိုကလပ်အသင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းအပြည့်ရှိတဲ့ အသင်းလူစာရင်းတစ်ခု ရှိရပါမယ်”လို့ လမ်းပတ်က ဆက်ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲဗာတန် #လမ်းပတ် #ခြေစမ်းပွဲ