ရှေ့သို့
Image

ချဲလ်ဆီးအသင်းဆီက ကမ်းလှမ်းမှုကို လက်ခံရရှိတဲ့အခါ သူ့အနေနဲ ဆုံးဖြတ်ချက်ချဖို့ တုံ့ဆိုင်းခြင်းမရှိခဲ့ဘူးလို့ ပြောဆိုလိုက်တဲ့ ကူလီဘာလေ

3:48 PM, 20 July

ချဲလ်ဆီးအသင်းရဲ့ အသစ်ခေါ်ယူလိုက်တဲ့ ကစားသမားသစ်ကူလီဘာလေက နာပိုလီအသင်းနဲ့ အတူ စီးရီးအေမှာ ၈နှစ်ကြာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိတဲ့အခါ သူ့အနေနဲ့ အသင်းပြောင်းရွှေ့ကစားဖို့ရာ တုံ့ဆိုင်းနေခြင်း မရှိခဲ့ဘူးလို့ ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ အပတ်ကပဲ အဆိုပါ ဆီနီဂေါ နောက်တန်းကစားသမားက သောမက်စ်တူချယ်ရဲ့ အသင်းသားတွေနဲ့အတူတကွ ကစားဖို့ရန်အတွက် ပေါင် ၃၄သန်းနဲ့ စတမ်းဖို့ဒ်ဘရစ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ မကြာသေမီအချိန်ကပဲ ကူလီဘာလေက ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်ကို ရောက်ရှိနေတဲ့ ချဲလ်ဆီးအသင်းသားတွေနဲ့ ပူးပေါင်းခဲ့ပြီဖြစ်ပြီး ၂၀၁၆ခုနှစ်တုန်းကလည်း သူက ချဲလ်ဆီး အသင်းဆီသို့ ရောက်ရှိဖို့နီးစပ်ခဲ့ဖူးတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ကစားသမားသစ် ကူလီဘာလေက“ကျွန်တော် နာပိုလီမှာ ၈နှစ်ကြာကစားခဲ့တာဖြစ်ပြီး လူတိုင်းက ကျွန်တော့ကို သိပြီးဖြစ်ကြသလို နေပယ်လ်မြို့မှာ နေရတာကလည်း ပျော်စရာကောင်းပါတယ်” “၈နှစ်ကြာပြီးတဲ့နောက် ကျွန်တော့အနေနဲ့ နာပိုလီကနေထွက်ခွာဖို့ စဉ်းစားနေခဲ့ပြီး ချဲလ်ဆီးအသင်းဆီကနေ ကမ်းလှမ်းမှုကို လက်ခံရရှိလာတဲ့အခါ ချက်ချင်းပဲ လက်ခံခဲ့လိုက်တာ ဖြစ်ပါတယ်” “ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်လန်ဒန်မှာ လိုအပ်တာတွေကို လုပ်ဆောင်နေခဲ့ ရတာဖြစ်ပြီး အခုတော့ အမေရိက မှာ ချဲလ်ဆီးအသင်းနဲ့ အတူပူးပေါင်း လေ့ကျင့်ခွင့် ရနေပြီဖြစ်လို့ အရမ်းပျော်နေပါတယ်”

“ကျွန်တော် အခုတော့ ချဲလ်ဆီးကစားသမားဖြစ်လာရပြီဖြစ်လို့ အခုလို အပြောင်းအရွှေ့ကို လုပ်ဆောင်ပေးခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အသင်းရဲ့နည်းပြ၊ ဝန်ထမ်းတွေနဲ့  ကျွန်တော့ကို ရောက်ရောက်ချင်း ကိုယ့်အိမ်လို ခံစားစေရအောင် နွေးထွေးစွာ ကြိုဆို ပေးခဲ့ကြတဲ့ အသင်းဖော်ကစားသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” “ဆေးစစ်မှုကို မြန်မြန်လုပ်ဆောင်ပြီးတော့ ချဲလ်ဆီကစားသမားတွေနဲ့ ရာသီကြိုခြေစမ်း ခရီးစဉ်မှာ တက်နိုင်သမျှမြန်မြန် လိုက်ပါပူးပေါင်းဖို့ ဆန္ဒရှိနေခဲ့ပေမယ့် အချိန် တစ်ခုထိ ကြာမြင့်နေခဲ့သေးတာဖြစ်ပါတယ်” “အသင်းပြောင်းရွှေ့ဖို့အတွက် စာရွက်စာတမ်းကိစ္စတွေ အများကြီး လုပ်ဆောင်နေခဲ့ရတာ ဖြစ်ပြီး ကျွန်တော်က ဟိုတယ်ဘေးမှာ ခေါက်သုတ်ခေါက်ပြန်လမ်းလျှောက်ရင်း အချိန်တွေ အမြန်ကုန်ဆုံးသွားစေချင်တဲ့ စိတ်နဲ့ စောင့်နေခဲ့မိတာပါ”

“ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ လာရောက်ကစားခွင့်ရလို့ ပျော်ရွှင်နေရတဲ့ အကြောင်းကို အသင်းရဲ့ နည်းပြအပြင် ကျွန်တော့မိသားစုကိုပါ စကားတွေ အများကြီး ပြောဆိုခဲ့တာဖြစ်ပြီး ဒီလိဂ်မှာ ကစားခွင့်ရအောင် ကူညီပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #နာပိုလီ #ကူလီဘာလေ