ရှေ့သို့
Image

နေမာနဲ့ အပြောင်းအရွှေ့ ကောလာဟလရှိလာသည့်အပေါ် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ ပယ်ချ

3:16 PM, 20 July

ပီအက်စ်ဂျီက တိုက်စစ်မှူးနေမာအတွက် ကစားသမားလဲလှယ်မှုပါဝင်မယ့် အပြောင်းအရွှေ့ကမ်းလှမ်းမှုနဲ့ အင်္ဂလန်ချန်ပီယံအသင်းဆီ ချိတ်ဆက်လာတယ်ဆိုတဲ့ ကောလာဟလတွေအပေါ် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပယ်ချလိုက်ပါတယ်။

ပြင်သစ်အခြေစိုက် Le Parisien သတင်းဌာနရဲ့အဆိုအရ ပီအက်စ်ဂျီက မန်စီးတီးဆီ တိုက်စစ်မှူးနေမာကို ခေါ်ယူနိုင်တယ်လို့ အသိပေးခဲ့ပြီး အပြောင်းအရွှေ့ညှိနှိုင်းမှုတစိတ်တပိုင်းအဖြစ် ဘာနာဒိုဆေးဗားလ်ကို ပြင်သစ်မြေဆီ ခေါ်ယူခွင့်ပေးဖို့  အဆိုပြုခဲ့တယ်လို့ သိရပါတယ်။ ဒီအဆိုပြုချက်ကိုပဲ စီးတီးဘက်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ အဆိုပါသတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်မြေမှာ ရာသီကြိုခရီးစဉ်ရောက်ရှိနေတဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကတော့ ဒီပုံပြင်တွေက အစစ်အမှန်မဟုတ်ဘူးလို့  ပြောဆိုလိုက်ပါတယ်။

“ Le Parisien အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီသတင်းတွေက မဟုတ်မှန်ပါဘူး။ သူတို့ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေက အမှားတွေဖြစ်နေတာကြောင့် ကျွန်တော် သူတို့အတွက် စိတ်မကောင်းဖြစ်မိတာပါ။ နေမာက မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော့်ရဲ့အချက်အလက်တွေအရဆိုရင် သူက ခင်မင်ဖို့၊ ချစ်ဖို့ကောင်းတဲ့သူပါ။ ပါရီမြေမှာပဲ သူ့ရဲ့ခြေစွမ်းကောင်းတွေကို ထုတ်ပြခွင့်ပေးလိုက်ပါစို့။ သတင်းတွေထဲမှာတော့ မန်စီးတီးက နွေရာသီအပြောင်းအရွှေ့တိုင်းမှာ ကစားသမားသစ် ၁၅၀ လောက် ခေါ်ယူနေတာပေါ့။ တကယ်တမ်းတော့ အဲ့ဒီလိုကိစ္စတွေက မမှန်ကန်ပါဘူး။ ဒါကြောင့် နေမာအတွက် ကျွန်တော် စိတ်မကောင်းပါဘူး” လို့ ပက်က ပြောဆိုခဲ့တာပါ။

အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီက နေမာကို ရောင်းထုတ်ချင်နေသလို ဂွါဒီယိုလာကလည်း အသင်းရဲ့အဓိကကွင်းလယ်လူ ဘာနာဒိုဆေးဗားလ်အနေနဲ့ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် စီးတီးမှာပဲ ဆက်ရှိနေမယ်လို့ ယုံကြည်ထားတဲ့အကြောင်း ထပ်လောင်းပြောဆိုသွားပါတယ်။

မန်စီးတီးက အခုနွေရာသီမှာ ကစားသမားသစ်တွေအဖြစ် ဟာလန်း၊ ကယ်ဗင်ဖီးလစ်စ်၊ ဂျူလီယန်အဲဗာရက်ဇ်နဲ့ ဂိုးသမား စတီဖန်အော်တေဂါတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ တဖက်မှာလည်း ဘာနာဒိုဆေးဗားလ်က ပက်ရဲ့ အသင်းအတွက် အဓိကကစားသမားတစ်ဦးဆိုတာ သက်သေပြထားခဲ့ပြီးပါပြီ။ ပက်ဂွါဒီယိုလာကတော့ စတာလင်၊ ဂျီးဆပ်စ်တို့အပြင် ဇင်ချန်ကိုကလည်း အသင်းကနေထွက်ခွာဖို့ နီးစပ်နေလို့ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူဖွယ်ရှိသေးတယ်လို့လည်း အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ လက်မှတ်ရေးထိုးခေါ်ယူမှုတွေကို မြင်တွေ့ရဦးမှာပါ။ မန်စီးတီးရဲ့ ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းနဲ့ သူ့ရဲ့ဌာနကလည်း စုံစမ်းရှာဖွေနေပါတယ်။ အသင်းအတွက် အကောင်းဆုံးအရာက ဘာလဲဆိုတာကို သူသိပါတယ်”လို့ ပက်ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။

#မန်စီးတီး #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဂွါဒီယိုလာ #နေမာ