ရှေ့သို့
Image

အာဆင်နယ်ကို ပြောင်းရွှေ့သွားတဲ့ ဇင်ချန်ကို အတွက် လေးစားမှုပြသခဲ့တဲ့ ရိုဒရီ

3:14 PM, 20 July

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းရဲ့ ယူကရိန်းလက်ရွေးစင်ကစားသမား ဇင်ချန်ကိုကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရဖို့အခက်အခဲမရှိပါဘူး။ ဇင်ချန်ကိုဟာ နည်းပြပက်ဂွာဒီယိုလာရဲ့ မန်စီးတီးနည်းပြဘဝမှာ ပထမဆုံးကစားသမား ခေါ်ယူမှုတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက်လည်း ပြိုင်ပွဲစုံ ၁၂၈ ပွဲထိ ကစားပေးထားသူ ဖြစ်ပါတယ်။

အီတီဟတ်မှာရှိခဲ့တဲ့ ၆ နှစ်အတွင်း ပရီးမီးယားလိဂ် ၄ ကြိမ်နဲ့ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကိုလည်း ရရှိခဲ့ပါတယ်။ ဇင်ချန်ကိုဟာ ကွင်းလယ်မှာရော၊ ခံစစ်မှာပါ ကစားနိုင်သူဖြစ်ပြီး ခြေစမ်းပွဲခရီးစဉ်အတွက် အမေရိကကိုရောက်နေတဲ့ မန်စီးတီးအသင်းရဲ့ လူစာရင်းကနေ အာဆင်နယ်နဲ့ လက်မှတ်ထိုးဖို့ အင်္ဂါနေ့မှာ ထွက်ခွာလာခဲ့ပါတယ်။  တက္ကဆက်မှာနေခဲ့ပြီးနောက် အော်လန်ဒိုမှာ နည်းပြအာတီတာရဲ့လူစာရင်းနဲ့ ပူးပေါင်းမှာဖြစ်ပြီး ဆေးစစ်မှုတွေ အောင်မြင်ပြီးရင် အာဆင်နယ်နဲ့ပဲ ရာသီကြိုပွဲတွေကို ဆက်လက်ဖြတ်သန်းသွားမှာပါ။

ဇင်ချန်ကိုရဲ့ ထွက်ခွာမှုအကြောင်း မေးမြန်းရာမှာတော့  ရိုဒရီက “အိုလက်စ်(ဇင်ချန်ကို)က ကျွန်တော်တို့နဲ့ မရှိနိုင်တော့ပါဘူး။ သူက အသင်းဖော်ကောင်း၊ ကစားသမားကောင်းတစ်ယောက်ပါ။ အကောင်းဆုံးတွေနဲ့ပဲ ထိုက်တန်သူပါ၊ အမြဲတမ်းလည်း သတိရနေမှာပါ။ ဒါပေမယ့် ဘောလုံးလောကမှာ ဒါမျိုးတွေကဆက်ဖြစ်နေဦးမှာပဲ။ ကစားသမားသစ်တွေလည်း ထပ်ရောက်လာတာပဲလေ။ ဘာပဲဖြစ်ဖြစ် သူ့အတွက် ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဇင်ချန်ကိုဟာ အာဆင်နယ်နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ဂါဘရီရယ်ဂျီးဆပ်၊ မတ်တာနာ၊ ဖေဘီယိုဗီအဲရာနဲ့ မာကွင်ဟိုတို့ရဲ့နောက် ဒီနွေရာသီမှာ ၅ ယောက်မြောက် ကစားသမားသစ်လည်း ဖြစ်ပါတယ်။ အာတီတာကိုယ်တိုင်ကလည်း မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ တစ်ယောက်ဖြစ်ခဲ့တာကြောင့် ဇင်ချန်ကိုရဲ့အကြောင်းကို ကောင်းကောင်းသိရှိထားပါတယ်။

မန်စီးတီးကတော့ ဇင်ချန်ကိုရဲ့နေရာမှာ အစားထိုးဖို့ မာ့ခ်ကူကူရယ်လာကို စိတ်ဝင်စားပေမယ့် ဘရိုက်တန်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကိုတော့ လက်တွန့်နေပါတယ်။ အာဆင်နယ်ဂန္တဝင် ရေးပါလာကတော့ ဇင်ချန်ကိုရဲ့တရားဝင်ကြေညာမှုက ရက်ပိုင်းအတွင်း ပြုလုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

#ရိုဒရီ #အာဆင်နယ် #အပြောင်းအရွှေ့ #ဇင်ချန်ကို