ရှေ့သို့
Image

ဒီလစ်ချ်ကို ယူရိုသန်း၈၀နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်

9:27 AM, 20 July

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်စ်ခံစစ်မှူး ဒီလစ်ချ်ကို ယူရိုသန်း၈၀နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နယ်သာလန်သားဟာ တူရင်မှာ ၃နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းမှ ထွက်ခွာကာ ဘိုင်ယန်နဲ့ ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒီလစ်ချ်ဟာ မာနေး၊ မာဇာရာဝီ၊ ဂရာဗန်ဘက်ချ်တို့ရဲ့နောက် ဘိုင်ယန်မြူးနစ်ရဲ့ ၄ဦးမြောက် ကစားသမားသစ် ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီလစ်ချ်ကို ယူရို သန်း၇၀+အပိုဆုကြေး ယူရို၁၀သန်းနဲ့ ခေါ်ယူခဲ့တာလို့ သိရပါတယ်။

ဘိုင်ယန်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဒီလစ်ချ်က “ဒီလိုအသင်းကြီးမှာ ကစားသမား၁ယောက်ဖြစ်ခွင့်ရလို့ ဝမ်းသာပါတယ်။ ဘိုင်ယန်က ဂျာမနီမှာ အအောင်မြင်ဆုံးကလပ်ဖြစ်သလို ဥရောပနဲ့ ကမ္ဘာမှာ အအောင်မြင်ဆုံးကလပ်တစ်ခု ဖြစ်ပါတယ်” “ကျွန်တော့်ကို ဘိုင်ယန်က အုပ်ချုပ်သူတွေ၊ နည်းပြနဲ့ ဘုတ်အဖွဲ့တွေက စည်းရုံးနိုင်ခဲ့ပါတယ်။ အဲ့ဒါအပြင် ဘိုင်ယန်က ရည်မှန်းချက်ကြီးကြီးမားမားနဲ့ သွားနေတဲ့ ကလပ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ဘိုင်ယန်ရဲ့ ပုံပြင်မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရလို့ ဝမ်းသာပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်ဥက္ကဌ ဟိုင်နာက “ဒီလစ်ချ်က ကျွန်တော်တို့အတွက် ထိပ်တန်းပစ်မှတ်တစ်ခုပါ။ ဒီလိုခေါ်ယူမှုမျိုးနဲ့ ကျွန်တော်တို့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို မျှော်မှန်းနိုင်ပါတယ်။ အသင်းကို အနာဂတ်တည်ဆောက်မယ့် ပုံရိပ်က ပေါ်လာပြီဖြစ်ပြီး ဒီလစ်ချ်ရဲ့ အပြောင်းအရွှေ့က ကျွန်တော်တို့တည်ဆောက်နေတဲ့ အရာအတွက် အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ ဒီလစ်ချ်က ဘိုင်ယန်ရဲ့ အဓိကထောက်တိုင်တစ်ခု ဖြစ်လာသင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

#ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ဒီလစ်ချ်