ရှေ့သို့
Image

နာပိုလီ အသင်းနဲ့ ပရိသတ်တွေကို နှုတ်ဆက်စကားဆိုလိုက်တဲ့ ကူလီဘာလေ

3:59 PM, 16 July

ချဲလ်ဆီးဆီ တရားဝင်ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ကူလီဘာလေက နာပိုလီအသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို လူမှုကွန်ရက်ကနေတဆင့် နှုတ်ဆက်စကားပြောဆိုလိုက်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဂျန့်ခ်ကနေ နာပိုလီဆီပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုခံစစ်ကစားသမားက နေပယ်လ်မြို့ဒေသခံကလပ်နဲ့အတူ ရှစ်နှစ်တာဖြတ်သန်းခဲ့ပြီး ၂၀၁၄ စူပါကိုပါအီတလီယာဖလားနဲ့ ၂၀၂၀ ကိုပါအီတလီယာဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့မှာတော့ ကူလီဘာလေက ချဲလ်ဆီးဆီ ပြောင်းရွှေ့ကြေးပေါင် ၃၃ သန်းနဲ့  လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၁၉ မှတ်အကွာ၊ ဒုတိယနေရာက လီဗာပူးနဲ့ ၁၈ မှတ်အကွာမှာ ရာသီသိမ်းခဲ့ရတဲ့ ချဲလ်ဆီးကို ဒီထိပ်ဆုံးနှစ်သင်းနဲ့ကွာဟချက်တွေ လျော့နည်းအောင် ကူလီဘာလေက ကူညီပေးရမှာပါ။

ပြီးခဲ့တဲ့သောကြာနေ့၊ Instagram လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဆီနီဂေါလက်ရွေးစင်က နာပိုလီပရိသတ်တွေကို နှုတ်ဆက်စကားဆိုလိုက်ပါတယ်။

နာပိုလီအသင်းခေါင်းဆောင်ဟောင်းက "အောင်ပွဲတွေ၊ ရှုံးနိမ့်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ စိတ်ပျက်စရာတွေလို စိတ်ခံစားမှုများစွာနဲ့ ကျွန်တော်တို့အတူတကွ ရှင်သန်ခဲ့ရပြီး ဒါတွေကို အကျဉ်းချုံ့ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အရာအားလုံးကို ကျွန်တော့်နှလုံးသားထဲမှာ၊ ကျွန်တော့်ဦးနှောက်ထဲမှာ အမြဲတမ်းသိမ်းထားတော့မှာပါ။ ကျွန်တော့်ရဲ့ ရင်သွေးနှစ်ယောက်က နေပယ်လ်မြို့မှာ မွေးဖွားလာတာပါ။ ကျွန်တော့်ဘ၀ရဲ့အစိတ်အပိုင်းအဖြစ် အမြဲတမ်းရှိနေမယ့် လူပုဂ္ဂိုလ်တွေကို တွေ့ခဲ့ရသလို ကျွန်တော့်ရဲ့မိသားစုကလည်း ဒီကိုရောက်လာချိန်ကစပြီး နောက်ဆုံးအချိန်အထိ ကိုယ့်ရဲ့အိမ်လေးတစ်ခုအဖြစ် ခံစားမိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် နေပယ်လ်မြို့ကြီးရေ၊ ခင်ဗျားတို့ကြောင့် ကျွန်တော်ဒီနေ့လိုလူမျိုး ဖြစ်လာခဲ့တာပါ။ နာပိုလီအသင်းနဲ့ အသင်းဥက္ကဋ္ဌကြီး၊ နည်းပြတွေ၊ အသင်းဖော်တွေအားလုံးနဲ့ အသင်းဖန်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ နှစ်များစွာကြာ အတူတွဲအလုပ်လုပ်ခဲ့ရတဲ့အတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ အချစ်မေတ္တာတွေအတွက် နေပယ်လ်မြို့ကြီးနဲ့ မြို့သူမြိုသားတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်ထွက်ခွာရတော့မယ်လို့ ခံစားမိသလို ပြိုင်ပွဲတွေဆီ ပြန်သွားရတော့မှာပါ။ ဒါက ခရီးစဉ်အသစ်တစ်ခု စတင်ရတော့မယ့် အချိန်ပါပဲ။ အမြဲတမ်း နာပိုလီပါပဲ"လို့ ရေးသားခဲ့တာပါ။

#ချဲလ်ဆီး #နာပိုလီ #အပြောင်းအရွှေ့ #ကူလီဘာလေ