ရှေ့သို့
Image

ဝိန်းရွန်းနီနဲ့ မေဂျာလိဂ်မှာ ပြန်လက်တွဲဖွယ်ရှိနေတဲ့ ယူနိုက်တက် ကစားသမားဟောင်း လင်ဂတ်

4:44 PM, 15 July

ဝိန်းရွန်းနီ နည်းပြ အဖြစ် ကိုင်တွယ်မယ့် အမေရိကန် မေဂျာလိဂ် ကလပ် ဒီစီယူနိုက်တက်ကတော့ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာလာတဲ့ ဂျက်စီလင်ဂတ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံး ရာသီကုန်မှာ သရဲနီတို့နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးလို့ ထွက်ခွာ လာခဲ့တဲ့ အသက်-၂၉ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ဥရောပ တလွှားမှာရှိတဲ့ ကလပ်တွေက ချိတ်ဆက်လာပါတယ်။


အထူးသဖြင့် လင်ဂတ် အငှားထွက် ကစားဖူးတဲ့ ဝက်စ်ဟမ်းက ကစားသမားကို ခေါ်ယူချင်သလို နယူးကာဆယ်၊ ရိုးမားနဲ့ အဲဗာတန်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ လတ်တလော The Athletic သတင်းတစ်ရပ်မှာတော့ လင်ဂတ်က အမေရိကန်မြေကို ပြောင်းရွှေ့ဖွယ်ရှိနေပြီး သူ့ရဲ့ အေးဂျင့်နဲ့ ဒီစီယူနိုက်တက်တို့ အကြား ဆွေးနွေးမှုတွေ ဆက်ရှိနေတယ်လို့ ဆိုထားပါတယ်။ 


အခုအချိန်မှာ လင်ဂတ်ကို ခေါ်ယူချင်တယ်ဆိုရင် အလွတ်နဲ့ ခေါ်ယူခွင့် ရမှာ ဖြစ်ပေမယ့် လင်ဂတ်လိုချင်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ဆိုတဲ့ ပမာဏမျိုးကိုတော့ ဥရောပ ကလပ်တွေဆီမှာ ရနိုင်ဖို့ မရှိပါဘူး။ လင်ဂတ်ကို ခေါ်ယူမှုက ဒီစီယူနိုက်တက်အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာဖို့ ရှိပေမယ့် ဒီအပြောင်းအရွှေ့က လင်ဂတ်အနေနဲ့ လာမယ့်ဆောင်းရာသီကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ပါဝင်နိုင်ဖို့ အတွက်တော့ အထောက်အကူ ပြုဖွယ် မရှိပါဘူး။


အင်္ဂလန်နဲ့ မန်ချက်စတာစီးတီးကစားသမားဟောင်း ဒန်နီမေးလ်ကတော့ လင်ဂတ်အနေနဲ့ ဒီနှစ်နွေရာသီမှာ သူ့ကိုယ်သူ တန်ဖိုးအလွန်အကျူးသတ်မှတ်ထားတယ်လို့ ဝေဖန်လိုက်ပြီး ကစားသမားရဲ့ တောင်းဆိုမှုတွေအပေါ် ပြန်ညှိနှိုင်းရမယ်လို့ အကြံပြုသွားပါတယ်။“ သူ့မှာ ဒီလို အရေးပါမှုမျိုး ရှိခဲ့မယ်ဆိုရင် အသင်းတွေကလည်း သူက တကယ် ခြေစွမ်း ကောင်းခဲ့တာပဲလို့ တွေးမိကြမှာပဲ။


အခု အချိန်ထိတော့ လင်ဂတ်က ဘယ်အသင်းနဲ့မှ စာချုပ် လက်မှတ် ရေးထိုးတာမျိုး မရှိဘူး။ သူက တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခွဲ၊ နှစ်သိန်း တောင်းနေမယ်ဆိုရင် သူ့ကို လျစ်လျူရှုသွားကြလိမ့်မယ်။

ကလပ်တွေ ကသာ လင်ဂတ်က ခြေစွမ်း လုံလုံလောက်လောက် ကောင်းတယ်လို့ တွေးထားမယ်ဆိုရင် ဒီလုပ်ခ နှုန်းထားမျိုးကို သူတို့ ပေးချေသွားမှာပေါ့။ ဘာကြောင့်လဲဆိုရင် အခု လင်ဂတ်က ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်လို့ ရမှာလေ။


သူက ကိုယ့်ကိုကိုယ် အရမ်း တန်ဖိုး မြှင့်နေတယ်ဆိုတာ ရှင်းပါတယ်။ လူတွေကလည်း ‘မဟုတ်ဘူး၊ ငါတို့ အတွက် ဒါမျိုး မဟုတ်ဘူး။ ငါတို့ ဆက်စောင့် ကြည့်ရအောင်။ မင်းအနေနဲ့ ဒီလုပ်ခ လစာမျိုးနဲ့ ထိုက်တန်တယ် ယူဆရင်လည်း ကံကောင်းပါစေ သူငယ်ချင်းရေ’ဆိုပြီး ပြောနေကြမှာပဲ” လို့ ဒန်နီမေးလ်က talkSport သတင်းဌာနကို ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရွန်းနီ #လင်ဂတ်