ရှေ့သို့
Image

ကလပ် ၄ ခုရဲ့ စိတ်ဝင်စားမှုနဲ့ အတူ ပီပီကို အရှုံးခံ ရောင်းချ သွားဖွယ်ရှိနေတဲ့ အာဆင်နယ်

4:19 PM, 15 July

အသင်း စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ပီပီကို သုံးနှစ် အကြာမှာပဲ အာဆင်နယ်က ပြန်လည် ရောင်းချဖို့ အသင့် ရှိနေပေမယ့် ပရီးမီးယားလိဂ် ကလပ် အနေနဲ့  ၂၀၁၉ ခုနှစ်မှာ ပီပီအတွက် သူတို့ ပေးချေခဲ့ရတဲ့ တန်ဖိုး အတိုင်းတော့ ပြန်ရလာဖို့ မရှိပါဘူး။ အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူးကို ကလပ် ၄ ခုကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


၂၀၁၉ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ လိုင်လီကနေခေါ်ယူခဲ့တဲ့ တိုက်စစ်သမားက လန်ဒန်မြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာလည်း ပီပီက အာတီတာရဲ့ အသင်းအတွက် ပရီးမီးယားလိဂ် ၅ ပွဲပဲ ကစားခဲ့ရချိန်မှာတော့ ကစားသမားအပေါ် ဂန်းနား ပရိသတ်တွေရဲ့ ထောက်ခံမှုတွေ ကျဆင်းသွားပါတယ်။ 


ပီပီနဲ့ အာဆင်နယ်ကြားမှာ စာချုပ်သက်တမ်း ၂ နှစ် ကျန်သေးပေမယ့် နည်းပြ အာတီတာရဲ့ အနာဂတ် စီမံကိန်းမှာ သူပါဝင်နိုင်ဖို့ မလွယ်ကူမှုက အာဆင်နယ် အနေနဲ့ သူ့ကို ရောင်းထုတ် သွားတော့မယ်လို့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ ပီပီရဲ့ ပရီးမီးယားလိဂ်မှာ အံဝင်ခွင်ကျ မဖြစ်မှုကလည်း အသင်းက ထွက်ခွာရမယ့် အလားအလာဆီ တွန်းပို့နေတာပါ။


စပိန် အခြေစိုက် Diario de Sevilla သတင်းဌာနအဆိုအရ လာလီဂါကလပ် ဆီဗီလာက ပီပီကိုခေါ်ယူဖို့ အာဆင်နယ်နဲ့ ဆွေးနွေးမှု စတင်ခဲ့ပြီးပြီလို့ သိရပါတယ်။ ဒီ အပြောင်းအရွှေ့ အတွက် ပီပီရဲ့ လစာနှုန်းထားက အဓိက ကိစ္စတစ်ခု ဖြစ်နေလို့ ကစားသမားအနေနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ဆိုရင် သူ့ရဲ့ လက်ရှိ လုပ်ခလစာ တစ်ပတ် ပေါင် ၁၀၀,၀၀၀ အောက်ကို လျှော့ယူသွားရဖို့ ရှိနေပါတယ်။


ဒီနေရာမှာ ပြောင်းရွှေ့ကြေးကလည်း အတော်လေး ညှိနှိုင်းသွားရဖို့ ရှိနေပါတယ်။ ဆီဗီလာက အသက်-၂၇ အရွယ် ကစားသမား အတွက် ပေါင် ၁၅ သန်းသာ ပေးချေချင်ပေမယ့် အာဆင်နယ်ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဝန်းကျင် လိုချင်နေတာပါ။ ဒါပေမယ့် ဆီဗီလာ တစ်သင်းတည်းကပဲ ပီပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ မဟုတ်ပါဘူး။


ပြင်သစ် လီဂူး ကလပ်တွေ ဖြစ်တဲ့ မာဆေးလ်နဲ့ လိုင်ယွန်တို့ကလည်း ကစားသမားကို ခေါ်ယူချင်နေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် လိဒ်ယူနိုက် တက်ကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့သွားတဲ့ ရာဖင်ဟာရဲ့ နေရာမှာ အစားထိုးဖို့ ဂန်းနား တိုက်စစ်မှူးကို စောင့်ကြည့်နေပါတယ်။


ပီပီက အယ်လင်ရုဒ်မှာ ရာဖင်ဟာ ထွက်ခွာသွားလို့ လိုအပ်နေတဲ့ တိုက်စစ်ပိုင်းအတွက် လိဒ်ယူနိုက်တက်က စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဘယ်အသင်းကပဲဖြစ်စေ ပီပီကို ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် အာဆင်နယ်အနေနဲ့ တိုက်စစ်သမားအတွက် ပေးချေးခဲ့ရတဲ့ ငွေကြေး ပမာဏ လောက်တော့ ပြန်ရဖို့ မရှိပါဘူး။

#အာတီတာ #ပီပီ #အာဆင်နယ် #အပြောင်းအရွှေ့