ရှေ့သို့
Image

ဆကာမက်ကာကို ဝက်စ်ဟမ်းက ပေါင် ၃၃.၈ သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း ဆက်ဆူအိုလို အတည်ပြု

12:01 PM, 15 July

အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဂျီအန်လူကာဆကာမက်ကာကို ပေါင် ၃၃.၈ သန်းနဲ့ ဝက်စ်ဟမ်း အသင်းက ကမ်းလှမ်းခဲ့ကြောင်း ဆက်ဆူအိုလို အမှုဆောင်ချုပ်က အတည်ပြုခဲ့ပါတယ်။ ဆက်ဆူအိုလို အမှုဆောင်ချုပ် ဂျီအိုဗာနီကာနီဗာလီက “ ဝက်စ်ဟမ်းက ဆကာမက်ကာကို ယူရိုသန်း ၄၀ (ပေါင် ၃၃.၈ သန်း) နဲ့ ပီအက်စ်ဂျီက ယူရို ၃၅ သန်း (ပေါင် ၂၉.၆ သန်း) စီ ကမ်းလှမ်း ထားကြပါတယ်။


အပို ဆုကြေးတွေကတော့ မတူကြဘူး။ အခုထိတော့ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးပါဘူး။ ဘာမှ သေချာတာတော့ မရှိသေးပါဘူး။ အပို ဆုကြေးတွေကလည်း မတူဘူး ဆိုပေမယ့် ငွေရေးကြေးရေးက ပြဿနာ မဟုတ်ဘူး။ သူတို့ရဲ့ နည်းစနစ်ပိုင်း စီမံကိန်းတွေနဲ့ ကစားသမားရဲ့ ဆန္ဒကသာ အရေးအကြီးဆုံးပါပဲ။ ဘာလို့ မသေချာသေးဘူးလို့ ပြောလဲဆိုတော့ ကျွန်တော်တို့က ကစားသမားကို အတင်း ရောင်းချင်နေတာမျိုး မဟုတ်ပါဘူး။


အဲ့ဒါကြောင့် ကစားသမားရဲ့ လိုအပ်ချက်ကိုလည်း နားထောင်မယ်၊ ကမ်းလှမ်းမှုကိုလည်း နားထောင်ပါတယ်။ ပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေက ဒီနေ့မဟုတ်လည်း နောက်နေ့ရောက်လာမှာပဲ ” လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ၃၆ ပွဲမှာ ၁၆ ဂိုးသွင်းခဲ့တဲ့ ဆကာမက်ကာကို အပြောင်းအရွှေ့ ဖွင့်ကာစက အာဆင်နယ် အသင်းကလည်း ကင်းထောက် ခဲ့ပါသေးတယ်။


စီးရီးအေ ကလပ်ဘက်ကတော့ နိုင်ငံ အသင်းမှာ ၇ ပွဲကစားပြီး ဂိုးမသွင်းနိုင်သေးတဲ့ ၂၃ နှစ်အရွယ် တိုက်စစ်မှူး အတွက် ပေါင် ၄၃ သန်းနီးပါး အလိုရှိနေပါတယ်။ ပီအက်စ်ဂျီကိုတော့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် လီဂူးဝမ်း ချန်ပီယံ အသင်းရဲ့ ကမ်းလှမ်းမှုကို ဆက်ဆူအိုလိုဘက်က ပယ်ချခဲ့ပါတယ်။ နယူးကာဆယ်ကလည်း ပြီးခဲ့တဲ့လက ဆကာမက်ကာကို စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ စီးရီးအေ ကလပ်မှာပဲ ဆက်နေလိမ့်မယ်လို့ ငှက်ကျား အသင်းက ယုံကြည်ထားပါတယ်။


ဆက်ဆူအိုလိုအနေနဲ့  ၂၀၁၇ တုန်းက ပေါင် ၄၂၃၀၀၀ (ယူရို ၅၀၀၀၀၀) နဲ့ ခေါ်ယူစဉ်က စာချုပ်ထည့်ထားခဲ့တဲ့ sell-on fee ကြောင့် ရောင်းချရငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဆကာမက်ကာရဲ့ အသင်းဟောင်း ပီအက်စ်ဗွီကို ပြန်ပေးရဦးမှာပါ။  တစ်ဆက်တည်းမှာပဲ ဟမ်းမားအသင်းဟာ ဆကာမက်ကာကို ကမ်းလှမ်းထားပေမယ့် ချဲလ်ဆီး တိုက်စစ်မှူး အာမန်ဒိုဘရိုဂျာကို စိတ်ဝင်စားနေပါတယ်။ 

#ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #ဆကာမက်ကာ