ရှေ့သို့
Image

စီးရီးဘီ ကလပ်ဆီ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ လန်ဒန်မြေရဲ့ ကစားသမားဟောင်း

12:49 PM, 15 July

ဖာဘရီဂတ်စ်က စီးရီးဘီကလပ် ကိုမိုဆီကို ပြောင်းရွှေ့ရင်း ရှော့ခ်ရစရာ အပြောင်းအရွှေ့တစ်ခုကို ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သတင်းများက ဆိုပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာကစားသမားဟောင်းက ပြီးခဲ့တဲ့ရာသီကုန်မှာ မိုနာကိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ ထွက်ခွာလာတာပါ။

ဒီသီတင်းပတ်အတွင်း စပိန်အခြေစိုက်ရေဒီယိုသတင်းဌာနတစ်ခုရဲ့ ထုတ်လွှင့်မှုအရ လက်စ်ပါးလ်မားစ်အသင်း ဥက္ကဋ္ဌ မီဂွယ်လ်အိန်ဂျယ်လ်ရာမီးရက်ဇ်က အသက်-၃၅ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေအတွက် ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အီတလီဘက်ကထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ၂၀၁၀ ကမ္ဘာ့ဖလားဆုရှင်က ပြီးခဲ့တဲ့ရာသီ စီးရီးဘီအမှတ်ပေးဇယားမှာ အဆင့်(၁၃) ရခဲ့တဲ့အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိသက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။ သတင်းတွေအရ စပိန် ဆီဂန်ဒါကလပ် လက်စ်ပါးမားစ်က ဖာဘရီဂတ်စ် အနေနဲ့ ကစားသမားဘဝအနားယူခဲ့ရင် အနာဂတ်မှာ အသင်းရဲ့ နည်းပြအခန်းကဏ္ဍတစ်ခုကို တာဝန်ပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

စီးရီးဘီချန်ပီယံအဖြစ် လာမည့်ရာသီမှာ စီးရီးအေဆီ တန်းတက်လာခဲ့တဲ့ လက်ချီကလည်း ဖာဘရီဂတ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဖာဘရီဂတ်စ်ကတော့ နည်းပြ ဂျီအာကိုမို ဂတ်တူဆိုရဲ့ အသင်းဆီပဲ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ကိုမိုကတော့ ၂၀၂၀-၂၀၂၁ ရာသီကမှ  စီးရီးစီကနေ တန်းတက်လာတာပါ။

ပြီးခဲ့တဲ့လတုန်းကလည်း ဖာဘရီဂတ်စ်က ကစားသမားဘဝအနားယူတော့မယ်ဆိုတဲ့ သတင်းတွေကို ပယ်ချရင်း “တစ်ဆင့်နိမ့်လိဂ်က ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့နိုင်တယ်”လို့ ထုတ်ပြောဖူးပါတယ်။

ဖာဘရီဂတ်စ်က ချဲလ်ဆီးကနေ မိုနာကိုဆီ ၂၀၁၉ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီးတော့ အသင်းအတွက် ၆၈ ပွဲကစားပြီး ၄ ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု ၉ ကြိမ်အထိ စွမ်းဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လီဂူးဝမ်းဘောလုံးရာသီမှာတော့ ဖာဘရီဂတ်စ်က ကြံ့ခိုင်မှုပိုင်းဆိုင်ရာပြဿနာတွေနဲ့အတူ မိုနာကိုနဲ့ ပွဲထွက်ပါဝင်ကစားတာ နည်းပါးခဲ့ပါတယ်။

ကစားသမားဘဝအောင်မြင်မှုအနေနဲ့ စပိန်လက်ရွေးစင်အဖြစ် ဖာဘရီဂတ်စ်က ၂၀၀၈ ယူရိုနဲ့ ၂၀၁၂ ယူရိုပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ဖူးသလို ၂၀၁၀ ကမ္ဘာ့ဖလားကိုလည်း အနိုင်ရဖူးပါတယ်။ ကလပ်အသင်း အဆင့်မှာလည်း ပရီးမီးယားလိဂ် ၂ ကြိမ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ချဲလ်ဆီးနဲ့ အတူ ဆွတ်ခူးဖူးသလို ၂၀၀၅ ခုနှစ်မှာ အာဆင်နယ်နဲ့ အတူ အက်ဖ်အေဖလား၊ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဆုတို့ကို ဆွတ်ခူးထားပါတယ်။

#မိုနာကို #အပြောင်းအရွှေ့ #ဖာဘရီဂတ်စ် #စီးရီးဘီ