လိဒ်စ်ယူနိုက်တက်က ရာဖင်ဟာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာ အတည်ပြု
10:03 AM, 14 July
ဘာစီလိုနာအသင်းဟာ လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဘရာဇီးလက်ရွေးစင်ကလည်း နူးကမ့်ကိုပြောင်းရွှေ့ဖို့ ဆေးစစ်မှုလည်း အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့ပိတ်ရက်ကတည်းက ရာဖင်ဟာလုပွဲမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ကို ကျော်ဖြတ်ပြီး အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ တောင်ပံကစားသမားဟာ စပိန်ကိုရောက်ရှိလာခဲ့ပြီးနောက် သတင်းတွေကိုလည်း အတည်ပြုခဲ့ပါတယ်။ လိဒ်စ်ဟာသူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ပေါင် ၅၆ သန်းဝန်းကျင်နဲ့ ထွက်ခွာခွင့်ပေးခဲ့တယ်လို့ ယူဆရပါတယ်။
၂၅ နှစ်အရွယ် ကစားသမားဟာ အင်္ဂါနေ့ကထိ လိဒ်စ်ရဲ့ သော်အပ်ထရိန်နင်ကွင်းမှာ လေ့ကျင့်ခန်းဆင်းခဲ့ပြီး အခုချိန်မှာတော့ ဘာစီလိုနာနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါပြီ။ ချဲလ်ဆီးကလည်း တိုက်စစ်ကစားသမားကို ခေါ်ယူဖို့အရှိန်မြှင့် ကြိုးစားခဲ့သလို အာဆင်နယ်ကလည်း ခေါ်ယူချင်ခဲ့ပါသေးတယ်။
ပရီးမီးယားလိဂ်နှစ်သင်းသာ ရွေးချယ်စရာ ရှိတဲ့အချိန်တုန်းကတော့ ရာဖင်ဟာရဲ့ ရွေးချယ်မှုက စတမ်းဖို့ဘရစ်ဂျ်ကလပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီးနောက်မှာတော့ ရလဒ်ကပြောင်းလဲသွားခဲ့ပြီး စပိန်ကလပ်ကသာ ကစားသမားရဲ့ ဦးစားပေးအသင်း ဖြစ်သွားခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက်နည်းပြ ဂျက်ဆီမာ့ရှ်ကတော့ “သူထွက်ခွာသွားတာကို မြင်ရတာခက်ခဲပါတယ်၊ သူ့အိပ်မက်ကလည်း ဘာစီလိုနာမှာ ကစားရဖို့ဆိုတာ ကျွန်တော်သိပါတယ်။ ဘာစီလိုနာ အတွက်လည်း ပြတ်သားတဲ့ အပြောင်းအရွှေ့တစ်ခုပါ။ လုပ်စရာရှိတာအကုန်လုံး မြန်မြန်ဆန်ဆန် လုပ်နေပေမယ့် အကုန်လုံးတော့ မပြီးသေးပါဘူး။ ကျွန်တော်ဒီကိစ္စကိုလည်း ရာဖင်ဟာနဲ့ ပြောခဲ့ပါတယ်။ အရမ်းကောင်းတဲ့ လူငယ်ကစားသမားတစ်ယောက်ကို ဈေးနည်းနည်းနဲ့ လိုချင်ရင်တော့ ငါတို့တန်းဆင်းမှပဲ ရလိမ့်မယ်လို့လည်း ဘာစီလိုနာကို ပြောခဲ့တယ်။ သူ့ခြေစွမ်းကို ကြည့်ရုံနဲ့သူက အသင်းအတွက် ဘယ်လောက်ထိ သေချာတဲ့ကစားသမားမှန်း သိသာပါတယ်။ အသင်းက ထွက်ချင်နေတဲ့ ကစားသမားတစ်ယောက်ကို ဆက်မဆွဲထားဘူး။ သူ့အတွက်လည်း ဖိအားများသလို ခြေစွမ်းကိုလည်း ထိခိုက်တယ်။ အားလုံးအဆင်ပြေချောမွေ့ခဲ့လို့လည်း ကျေးဇူးတင်ပါတယ်။ သူနဲ့လည်း ရှင်းရှင်းလင်းလင်း စကားပြောနိုင်ခဲ့တယ်။ သူက ဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း သူ့အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
နည်းပြမာ့ရှ်က ရာဖင်ဟာနဲ့ မန်စီးတီးကို ပေါင် ၄၂ သန်းနဲ့ ရောင်းချခဲ့တဲ့ ကယ်လ်ဗင်ဖီးလစ်တို့ဆီကရတဲ့ ပိုက်ဆံတွေနဲ့ လိဒ်စ်ယူနိုက်တက်ကို ပိုပြီးအင်အားကောင်းလာအောင် တည်ဆောက်သွားမယ်လို့ ပြောခဲ့ပါတယ်။ ရာဖင်ဟာက ပြီးခဲတဲ့ရာသီမှာ လိဒ်စ်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲထိ ကစားပေးခဲ့ပါတယ်။