ရှေ့သို့
Image

ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ ထိုင်းကနေ သြစတေးလျကို ရောက်သွားပြီဖြစ်တဲ့ ယူနိုက်တက်

3:01 PM, 13 July

မန်ချက်စတာယူနိုက်တက် အသင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရပြီးနောက် ညတွင်းချင်းပဲ ရာသီကြိုခြေစမ်းပွဲ ဒုတိယပိုင်းကို ကစားဖို့အတွက် သြစတေးလျနိုင်ငံကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။ အခုဆိုရင် သြစတေးလျ မြေပေါ် ခြေချနိုင်ခဲ့ပြီ ဖြစ်ပြိး အင်္ဂါနေ့က ပြိုင်ဘက်လီဗာပူးနဲ့ပွဲက ခြေစွမ်းကို ဆက်ထိန်းထားဖို့ လေ့ကျင့် ပြင်ဆင်တော့မှာပဲ ဖြစ်ပါတယ်။ 


ယူနိုက်တက်ဟာ ပထမပိုင်းမှာကတည်းက ဂျေဒန်ဆန်ချို၊ ဖရက်ဒ်နဲ့ အန်တိုနီမာရှယ်တို့က ၃၃ မိနစ်အတွင်း ၃ ဂိုးသွင်းနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း လူငယ်ကြယ်ပွင့်လေး ဖာကွန်ဒိုပယ်လီစထရီက ၄ ဂိုးမြောက်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ လက်ရှိတန်ဟတ်ရဲ့ လူစာရင်းမှာလည်း ခရစ္စတီယာနိုရော်နယ်ဒိုကလွဲလို့ ကျန်တဲ့  စီနီယာ ကစားသမား အားလုံးနီးပါး ပြန်လည် ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။


ဂျာဂန်ကလော့ပ်ရဲ့ အသင်းကို ၄-၀ နဲ့ သင်္ဘောသီးထောင်း ထောင်းသလို ထောင်းခဲ့ပြီးနောက် ရာသီကြို ခြေစမ်းပွဲ နောက်တစ်ကြော့ အတွက် ကစားသမား အားလုံး သြစတေးလျကို ထွက်ခွာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့(ယနေ့)မှာတော့ သြစတေးလျကို ရောက်လာသူတွေထဲ ရာဖေးဗာရာနီ၊ ဒေးဗစ်ဒီဂီယာ၊ ဘရူနိုဖာနန်ဒက်စ်၊ ဂျေဒန်ဆန်ချိုနဲ့ ဟယ်ရီမက်ဂွာရီတို့ကို မြင်တွေ့ခဲ့ရပြီး နော်ဝေကို မထွက်ခွာမီ ခြေစမ်းပွဲ ၃ ပွဲကစားသွားမှာပဲ ဖြစ်ပါတယ်။ 


ပထမဆုံးပွဲကတော့ သောကြာနေ့မှာ ကစားရမယ့် မဲလ်ဘုန်းဗစ်ထရီ အသင်းနဲ့ ပွဲစဉ်ဖြစ်ပြီး ခရစ်ကတ်ကွင်းထဲမှာ အေလိဂ်အသင်းနဲ့ ရင်ဆိုင် ကစားသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ပတ် အင်္ဂါနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ကစားသွားဦးမှာပဲ ဖြစ်ပါတယ်။ သြစတေးလျ ခြေစမ်း ခရီးစဉ်ရဲ့ တတိယမြောက်နဲ့ နောက်ဆုံးပွဲကတော့ အက်စတွန်ဗီလာနဲ့ဖြစ်ပြီး  ဇူလိုင်လ ၂၃ ရက်နေ့မှာ နည်းပြ စတီဗင်ဂျရတ်ရဲ့ အသင်းကို ပတ်ထ်မြို့ရှ် အော့ပ်တပ်စ်ကွင်းထဲမှာ ရင်ဆိုင်ကစားသွားမှာ ဖြစ်ပါတယ်။


ဗီလာနဲ့ ပွဲပြီးရင်တော့ ယူနိုက်တက်ဟာ ၅ ပွဲမြောက် ခြေစမ်းပွဲအဖြစ် အက်သလက်တီကို မက်ဒရစ်နဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ကစားဖို့ နော်ဝေနိုင်ငံကို ဆက်လက် ထွက်ခွာမှာဖြစ်ပါတယ်။ ဒီနွေရာသီနောက်ဆုံး ခြေစမ်းပွဲ အဖြစ်တော့ ရာယိုဗယ်လီကာနို အသင်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံ ယှဉ်ပြိုင်ပြီးရင်တော့ ခြေစမ်းပွဲ အားလုံး ပြီးဆုံးပြီဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #သြစတေးလျ #မာရှယ် #ဆန်ချို #ဖရက်ဒ် #ခြေစမ်းပွဲ