ရှေ့သို့
Image

မန်စီးတီး ဂိုးသွင်းစက်ကို ဘယ်လို ရင်ဆိုင်သွားမလဲ ဆိုတာ ဖွင့်ပြောလာတဲ့ ချဲလ်ဆီး ဂိုးသမား မန်ဒီ

2:51 PM, 13 July

ချဲလ်ဆီး ဂိုးသမား မန်ဒီက သူ့အနေနဲ့ ပဲလေ့စ် တိုက်စစ်မှူး ဘန်တီကီနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်တဲ့ အတိုင်း ဟာလန်းနဲ့ ရင်ဆိုင်ရချိန်မှာလည်း ဒီအတိုင်း ပြင်ဆင်သွားမယ်လို့ ပြောလာပါတယ်။ ချဲလ်ဆီးရဲ့ အဓိက ဂိုးသမားက သူတို့ အသင်းအနေနဲ့ လာမယ့် ရာသီသစ်မှာ ဟာလန်းနဲ့ ရင်ဆိုင်ရချိန် အထူး ပြင်ဆင်မှု တစ်ခုခု လုပ်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။


ဆီနီဂေါ လက်ရွေးစင် ဂိုးသမား မန်ဒီက “အသင်း တစ်သင်း သို့မဟုတ် တိုက်စစ်မှူး တစ်ဦးအကြောင်းပဲ ပြောနေရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က တိုက်စစ်မှူးတိုင်းအပေါ် အာရုံစိုက်ထားသလို ကစားသမျှ ပွဲတိုင်းကိုလည်း အနိုင်ရဖို့ အာရုံစိုက်ထားရတာပါ။ 


ကျွန်တော်ကတော့ ဘန်တီကီ ရင်ဆိုင်ဖို့ ပြင်ဆင်သလိုပဲ ဟာလန်းကိုလည်း ဒီအတိုင်းပဲ ပြင်ဆင်သွားမှာပါ။ ဒါက ခရစ္စတယ်ပဲလေ့စ်နဲ့ မန်စီးတီးကြားက ကွာခြားမှုလည်း မဟုတ်ပါဘူး။အာလုံးကို အာရုံစိုက်ထားရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သူက တိုက်စစ်မှူး တစ်ဦးဖြစ်သလို ဂိုးလည်း သွင်းနိုင်ပါတယ်။


(ပြိုင်ဘက် တိုက်စစ်မှူးတွေ အပေါ် ဘယ်လိုလေ့လာ ဆန်းစစ်သလဲ?) ကျွန်တော် လေ့လာပြီးရင်း လေ့လာပါတယ်။ အများကြီးကို လေ့လာတာပါ။ ဒါက ကျွန်တော့် အလုပ်မလို့ အထူး ကြိုးစားပါတယ်”လို့ ပြောပါတယ်။ လက်ရှိမှာတော့ မန်ဒီက ချဲလ်ဆီးနဲ့ အတူ ရာသီကြို ခရီးစဉ် အဖြစ် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပါတယ်။ 


လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိချန်ပီယံ မန်စီးတီးကို ချဲလ်ဆီးက ကောင်းကောင်း စိန်ခေါ်နိုင်မယ်လို့ မန်ဒီက ယုံကြည်ထားသော်လည်း သူရဲ့နိုင်ငံ့အသင်းဖော် မာနေးကို ဆုံးရှုံးထားတဲ့ လီဗာပူးကတော့ အားနည်းချက်တွေ ရှိလိမ့်မယ်လို့ ယူဆထားပါတယ်။


မန်ဒီက “မာနေးကို လက်လွှတ်လိုက်ရတာက အရည်အသွေး အရရော၊ လူပုဂ္ဂိုလ် တစ်ဦး အနေနဲ့ရော ပရီးမီးယားလိဂ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါ။ မာနေးက စွမ်းရည်တွေ၊ အကျိုး သက်ရောက်မှုတွေ အပြည့်ရှိသလို လူငယ် ကစားသမားတွေ အတွက် စံနမူနာပြ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်ပါတယ်။


ကျွန်တော်တို့ဟာ တကယ့်ကို ကြီးမားတဲ့ လူတစ်ဦးကို ဆုံးရှုံးရတာ ဖြစ်သလို သူ ဘွန်ဒက်စ်လီဂါမှာ ပျော်ရွှင်နေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ဆက်ပြောသွားပါတယ်။

#ချဲလ်ဆီး #မန်ဒီ