ရှေ့သို့
Image

မက်မောလောက်ဖွယ် ကမ်းလှမ်းချက် တစ်ခုက ကူလီဘာလေ အတွက် ချဲလ်ဆီးကို လက်ခံဖို့ဖြစ်လာ

11:45 AM, 13 July

မက်မောက်လောက်ဖွယ် လုပ်ခငွေကြေး ပမာဏ တစ်ရပ်နဲ့ အတူ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှု တစ်ရပ်က နာပိုလီ နောက်ခံလူ ကူလီဘာလေရဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုကို ရရှိစေခဲ့ပြီးနောက် ကစားသမား အပြောင်းအရွှေ့ကို လျင်လျင်မြန်မြန် ဖြစ်လာစေဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။


မနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အသက်-၃၁ နှစ် အရွယ် နောက်ခံလူအတွက် ပြောင်းရွှေ့ကြေးနဲ့ စာချုပ် သဘောတူညီချက် ရဖို့ ဆွေးနွေးစရာတွေ ကျန်နေသေးပေမယ့် ချဲလ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် ၃၃.၈ သန်းနဲ့ ကူလီဘာလေ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။


Sky Sport Italia ရဲ့ နာမည်ကျော် သတင်းထောက် Di Marzio ရဲ့ အဆိုအရ ဆွေးနွေးမှုတွေဟာ အချိန်နဲ့အမျှ တိုးတက်နေပြီး အခု သီတင်းပတ် ဗုဒ္ဓဟူးနေ့ နောက်ပိုင်း ကူလီဘာလေရဲ့ အပြောင်းအရွှေ့ အတွက် ချဲလ်ဆီး၊ နာပိုလီနဲ့ ကစားသမားတို့ အကြား သဘောတူ စာချုပ် ရေးထိုးနိုင်မယ်လို့ သိရပါတယ်။


နာပိုလီကတော့ နှစ်ကြိမ်ခွဲ ပေးချေခွင့် ရှိမယ့် လက်ငင်းငွေသား ပြောင်းရွှေ့ကြေး ယူရို ၃၈ သန်း(ပေါင် ၃၂.၁ သန်း)+ အပိုဆုကြေး ယူရို ၂ သန်း(ပေါင် ၁.၇ သန်း)တန် စာချုပ်တစ်ရပ်ကို လက်ခံပေးသွားဖို့ အသင့်ရှိနေပါတယ်။ နာပိုလီနဲ့ စာချုပ် သက်တမ်း တစ်နှစ်ပဲ ကျန်တောတဲ့ ကူလီဘာလေနဲ့ ချဲလ်ဆီးတို့အကြား ဆွေးနွေးမှုတွေကလည်း အလျင်အမြန် တိုးတက်ခဲ့ပြီး ဆီနီဂေါ နောက်ခံလူဆီက ပုဂ္ဂိုလ်ရေး သဘောတူညီမှု အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။


ကူလီဘာလေက စတမ်းဖို့ဘရစ်ချ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၆၀,၀၀၀ နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အပိုဆုကြေး ခံစားခွင့်တွေလည်း ရရှိမှာဖြစ်ပါတယ်။ နာပိုလီနောက်ခံလူက ချဲလ်ဆီးနဲ့ တစ်နှစ် သက်တမ်းတိုးခွင့် ရှိတဲ့ သုံးနှစ်စာချုပ်ကို ချုပ်ဆိုဖွယ်ရှိနေတယ်လို့ လက်ရှိမှာ သတင်းတွေ ထွက်ပေါ်နေပေမယ့် Di Marzio ကတော့ တစ်နှစ် သက်တမ်း တိုးခွင့်ပါရှိတဲ့ လေးနှစ်စာချုပ်ကို ကူလီဘာလေက လက်ခံလိုက်တယ် လို့လည်း ဆိုပါတယ်။


ဒီအချက်ကတော့ အေဘရာမိုဗစ်ချ်ခေတ်အလွန် ချဲလ်ဆီးအသင်းအတွက် အပြောင်းအလဲကြီးတစ်ခုပါ။ မိုဗစ်ချ်လက်ထက်က ချဲလ်ဆီးအနေနဲ့ အသက်-၃၀ ကျော် ကစားသမားတွေကို နှစ်ရှည်စာချုပ် ချုပ်ဆိုလေ့ မရှိပါဘူး။ ဒီအပြောင်းအရွှေ့က ပိုင်ရှင်သစ် တော့ဒ်ဘိုလီအနေနဲ့ တူချယ်ကို ဘယ်လောက် အတိုင်းအတာ အထိ ထောက်ခံပေးလဲဆိုတာ ပြသနေပါတယ်။


အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ ရှေ့ဆက်နေတဲ့အတွက် ကူဘီဘာလေက နာပိုလီရဲ့ ရာသီကြို လေ့ကျင့်ရေးဆီ မပူးပေါင်းနိုင်သေးသလို ဆွေးနွေးမှုတွေအပြီးသတ်နိုင်ဖို့  မီလန်မြို့မှာ သူရဲ့အေးဂျင့်နဲ့ တွေ့ဆုံဖို့ကိုလည်း ခွင့်ပြုထားပါတယ်။

#ချဲလ်ဆီး #နာပိုလီ #အပြောင်းအရွှေ့ #ကူလီဘာလေ