ရှေ့သို့
Image

ဘန်ကောက်မှာ လီဗာပူးဘက်ကို ဂိုးမိုးရွားပေးခဲ့ကြတဲ့ ယူနိုက်တက်အသင်းသား တွေကို ချီးကျူးလိုက်တဲ့ ဖာဒီနန်

11:07 AM, 13 July

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားပေးခဲ့ကြတဲ့ ပွဲစဉ်မှာ ပြိုင်ဘက် လီဗာပူးအသင်းကို ဂိုးမိုးရွာကာ အပြတ်အသတ် အနိုင်ရယူနိုင်ခဲ့တဲ့ အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက် အသင်းသားတွေကို ချီးကျူးမှုတွေ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဘန်ကောက်မြို့မှာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ကြတာဖြစ်ပြီး အဆိုပါ ပွဲတွင် ယူနိုက်တက်က အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ် မာလာစီယာ လည်း ပွဲဦးထွက်အနေနဲ့ ပါဝင်ခဲ့ပြီး ဆန်ချို၊ ဖရက်၊ မာရှယ်၊ ပယ်လစ်စ်ထရီတို့ရဲ့ သွင်းဂိုးတွေဖြင့် သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

ကလော့ရဲ့လီဗာပူးလ်အသင်းက အရံကစားသမားအများစုနဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းဘက်က တော့ ပွဲအစပိုင်းမှာ စီနီယာကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့တာကြောင့် ပွဲရလဒ်ကို တစ်ဖက်စောင်းနင်းဖြစ်သွားစေခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းရောက်ရှိလာတဲ့အခါမှာတော့ ယူနိုက်တက်က အကယ်ဒမီကလေးတစ်သိုက် ကိုသာထည့်ကစားသွားခဲ့ပြီး လစ်ဗာပူးလ်အသင်းဘက်က မိနစ် ၆၀ ဝန်းကျင်မှာပဲ ဗန်ဒိုက်အပါအဝင် စီနီယာကစားသမားအားလုံးကို ပွဲထုတ်ခဲ့ပေမဲ့ ယူနိုက်တက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို မခုခံနိုင်လိုက်ဘဲ သွင်းဂိုးတစ်ဂိုးပါ ထပ်မံ ခွင့်ပြုလိုက်ရကာ ၄ - ၀ ဆိုတဲ့ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ ရီယိုဖာဒီနန်က Twitter မှာ“ပြီးခဲ့တဲ့နှစ်အနည်းအတွင်းမှာ ကျွန်တော်တို့ ငိုးကြွေးချင်စိတ်ပေါက်လောက်အောင် ဆိုးရွားခဲ့တဲ့အသင်းက အခုတော့ ပြောင်းလဲသွားခဲ့ရပါပြီ။ အဲရစ်တန်ဟတ်က အသင်းကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိနေပါတယ်”ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ အဓိက တောက်ပပြခဲ့သူက ဘရာဇီးစတားလေး ဖရက်ဖြစ်ပြီး ပြိုင်ဘက်ဂိုးပေါက်ရဲ့ ဂိုက် ၂၀ အကွာကနေ သူ့ရဲ့ဘရာဇီးအသင်းဖော်ဖြစ်တဲ့ အလီဆန်ဘက်ကာကိုကျော်က သူအားနည်းတဲ့ညာခြေနဲ့ လှလှပပ သွင်းယူ သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက်နည်းပြ တန်ဟတ်က လီဗာပူးအသင်းရဲ့ အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်ကစားခဲ့ရတာ မဟုတ်တာကြောင့် အလွန်အကျူး ဂုဏ်ယူမနေသင့်ဘဲ အသင်းရဲ့ အမှားတစ်ချို့ကိုလည်းမြင်တွေ့ခဲ့ရတယ် လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #အဲရစ်တန်ဟက်ချ် #ခြေစမ်းပွဲ