ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ အလီဆင်ကို ကျော်သွင်းခဲ့တဲ့ ဖရက်ကို ကန်တိုနာနဲ့ ခိုင်းနှိုင်းခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်များ

8:56 AM, 13 July

ယူနိုက်တက်ပရိသတ်တွေဟာ ယမန်နေ့ညက လီဗာပူးနဲ့ပွဲစဉ်မှာ ဂိုးသမား အလီဆင်ကို ကျော်သွင်းပြသွားခဲ့တဲ့ ကွင်းလယ်လ်ူ ဖရက်အား ဂန္တဝင် ကန်တိုနာနဲ့ ခိုင်းနှိုင်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ နည်းပြသစ် တန်ဟက်ရဲ့ ပထမဆုံးပွဲစဉ်မှာ ယူနိုက်တက်က ပွဲချိန် ၁၁မိနစ်မှာတင် ဆန်ချိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘရာဇီးကွင်းလယ်လူ ဖရက်ဟာ ယူနိုက်တက်အတွက် ဒုတိယဂိုးအဖြစ် ဂိုးသမား အလီဆင်ကို ကျော်ထည့်ကာ သွင်းယူပြခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ လီဗာပူးကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ဝမ်းမြောက်နေကြပါတယ်။ ယူနိုက်တက်အတွက် နောက်ထပ်ဂိုးတွေကိုတော့ မာရှယ်နဲ့ ပယ်လစ္စထရီတို့က သွင်းယူပေးသွားခဲ့ပါတယ်။ လူမှုကွန်ရက်မှာတော့ အဆိုပါပွဲစဉ်က ဖရက်ရဲ့ သွင်းယူမှုအပေါ် လူပြောများနေခဲ့ကြပါတယ်။

ပရိသတ်၁ဦးက “ဒီရလဒ်ကြောင့် အရမ်းဝမ်းသာနေတာမျိုး မဟုတ်ပေမဲ့ ဖရက်သာ ဒီလို လှပတဲ့ဂိုးတွေသွင်းပြီး မာရှယ်သာ ဒီလိုဂိုးသွင်းမယ်ဆိုရင် တန်ဟက်လက်အောက် ငါတို့ ၁ပွဲမှတောင် ရှုံးမှာမဟုတ်ဘူး”လို့ ရေးသားခဲ့ပါတယ်။

နောက်၁ဦးက “ဖရက်က ကန်တိုနာလိုမျိုး လုပ်ပြနေပါတယ်။ မင်းတို့ သတိမထားမိပေမဲ့ ယူနိုက်တက် ပြန်လာပြီ”လို့ ဆိုပါတယ်။  နောက်တစ်ဦးကလည်း “ဖရက်ရေ ဒီဂိုးက အရမ်းမိုက်တယ်ကွာ”လို့သာ ရေးထားခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေဟာ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးကို ဂိုးပြတ် အနိုင်ရခဲ့မှုကြောင့် တန်ဟက်အပေါ် ထောက်ခံအားပေးမှုတွေ စတင်ပြုလုပ်နေခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်၁ယောက်ကလည်း “ဖရက်တောင် ဂိုးစည်းအပြင်ကနေ ညာခြေနဲ့ ကျော်ထည့်နေပြီလား။ တန်ဟက် ဘယ်လိုတောင် လုပ်လိုက်တာလဲ”လို့ ချီးကျူးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီကြို ပွဲစဉ်တွေ ဆက်ကစားဦးမှာဖြစ်တဲ့အတွက် ယမန်နေ့ညက ခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အလီဆင် #ဖရက်ဒ်